အနာဂတ်မှာတွင်ကျယ်လာနိုင်တဲ့ အဆန်းသစ်ဆုံးဖုန်းဒီဇိုင်း (၆) မျိုး

ဆဲလ်ဖုန်းနည်းပညာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး၊ အခုဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က ဖုန်းတစ်လုံးနဲ့ ဒီဘက်ခေတ်စမတ်ဖုန်းတစ်လုံးဟာ ဒီဇိုင်းပိုင်းကော စွမ်းဆောင်ရည်ပိုင်းပါ အကွာကြီးကွာခြားသွားခဲ့ပါပြီ။
အိတ်ကပ်ထဲထည့်ထားရုံနဲ့ ခန္ဓာကိုယ်အပူချိန်သုံးပြီး အားသွင်းနိုင်တဲ့ Nokia ဖုန်းဒီဇိုင်းက ဈေးကွက်မဝင်ခဲ့ပေမယ့် တစ်ချိန်မှာ ထွက်ရှိလာနိုင်သလို၊အစိတ်အပိုင်းတွေ ကိုယ်တိုင်ဖြုတ်တပ်နိုင်တဲ့မော်ဂျူလာဖုန်းတွေကိုလည်း Google အပါအဝင် ကုမ္ပဏီကြီးတွေက လုပ်ဆောင်လျက်ရှိပါတယ်။
အနာဂတ်တစ်ချိန်မှာ ဘယ်လိုဖုန်းမျိုး ကျနော်တို့ ကိုင်တွယ်ရမလဲဆိုတာ အတိအကျမသိရသေးပေမယ့်၊ လက်ရှိအချိန်မှာ အဆန်းသစ်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဖုန်းရှေ့ပြေးဒီဇိုင်းခြောက်မျိုးကို စုဆောင်းဖော်ပြလိုက်ပါတယ်။

၁။ အိတ်ကပ်ထဲမှာတင် အားသွင်းနိုင်တဲ့ Nokia ရဲ့ E-Cu စမတ်ဖုန်း

1-nokia-e-cu-phone
ဆဲလ်လူလာဖုန်းနည်းပညာမှာ ဦးဆောင်ခဲ့တဲ့ Nokia ဟာ ယခုရှေ့ပြေးဒီဇိုင်းကို ၂၀၁၀ လောက်ကတည်းက ဆွဲခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေလက်ထဲ မရောက်ရှိခဲ့ဘဲ၊ ဒီဇိုင်းအဖြစ်နဲ့ပဲ ရပ်တန့်ခဲ့ရပါတယ်။ အခုဆိုရင် Nokia လည်း စမတ်ဖုန်းဈေးကွက်ထဲ ပြန်ဝင်လာပြီဆိုတော့ ဒီနည်းပညာကို ကျနော်တို့ ဖုန်းတွေမှာ အမှန်တကယ်မြင်တွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Nokia ရဲ့ E-Cu စမတ်ဖုန်းဟာ အပြင်ဘက်ကို ကြေးနီကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး၊ အပူကို စုပ်ယူထားနိုင်ကာ၊ ဖုန်းအတွင်းဘက်က သာမိုစွမ်းအင်ထုတ်ကိရိယာကနေ အပူချိန်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ အပူဓာတ်ရှိတဲ့နေရာတိုင်းမှာ ဖုန်းကိုတင်ပြီးအားသွင်းနိုင်ကာ၊ လူ့ခန္ဓာကိုယ်အပူချိန်နဲ့လည်း အားသွင်းနိုင်ပါတယ်။

၂။ PhoneBloks မော်ဂျူလာစမတ်ဖုန်းဒီဇိုင်း

4IvmvbF
PhoneBloks ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မော်ဂျူလာဖုန်းဒီဇိုင်းတစ်ခုကို ထုတ်ပြခဲ့ဖူးပါတယ်။ LEGO တုံးတွေ ဆက်သလိုမျိုး ဖုန်းအစိတ်အပိုင်းတစ်ခုချင်းဆီကို အသုံးပြုသူကိုယ်တိုင် ဖြုတ်တပ်လုပ်နိုင်မယ့် ဒီဇိုင်းမျိုးပါ။ ဖုန်းမှာ မတော်တဆမှန်ကွဲသွားရင်တောင် ဆိုင်ကို တကူးတကသွားပြနေစရာမလိုဘဲ၊ မျက်နှာပြင်တစ်ခုဝယ်ပြီး ကိုယ်တိုင်လဲတပ်နိုင်မယ့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ကင်မရာပိုင်းလည်းမလား၊ ပါဝါခလုတ်လဲမလား ကြိုက်တဲ့အစိတ်အပိုင်းကို ကိုယ်တိုင်လဲလှယ်နိုင်မှာဖြစ်ပြီး၊ ဖုန်းရဲ့ အစိတ်အပိုင်းလေးတစ်ခု မကောင်းရုံနဲ့ နောက်ဖုန်းအသစ်တစ်လုံး ဝယ်နေစရာလိုတော့မှာမဟုတ်ပါဘူး။ Google ကလည်း အလားတူ စမတ်ဖုန်းမျိုးကို Project Ara အမည်နဲ့ လုပ်ဆောင်လျက်ရှိပါတယ်။
Stuff

၃။ Kyocera ရဲ့ ဆေးကြောနိုင်တဲ့ ရေစိုခံစမတ်ဖုန်း

3+Kyocera+washable+smartphone
ဒီဘက်ခေတ်စမတ်ဖုန်းတော်တော်များများဟာ ရေနဲ့ ထိမိတာနဲ့ လုံးဝနီးပါးသုံးမရတော့ပဲ အမှိုက်စုတ်သာသာ ဖြစ်သွားပေမယ့်၊ ဂျပန်အခြေစိုက် Kyocera ကုမ္ပဏီထုတ် ဖုန်းကတော့ ရေတင်မဟုတ်ဘဲ၊ ဆပ်ပြာပါ ခံနိုင်ရည်ရှိပါတယ်။
တကယ်လို့ ဒီလို ဆေးကြောနိုင်တဲ့ဖုန်းဒီဇိုင်းတွေသာ အသုံးတွင်ကျယ်လာရင်တော့ အိမ်သာတက်နေရင်းတင် မဟုတ်တော့ဘဲ၊ ရေချိုးကန်ထဲ စိမ်နေရင်းနဲ့ပါ Facebook တို့ Instagram တို့ အေးဆေးသုံးနေနိုင်မှာပါ။

၎။ မြက်ပင်စိမ်းတွေနဲ့ လုပ်ထားတဲ့ Recycle စမတ်ဖုန်း

4-o2-recycle-phone
ရပ်ဂ်ဘီဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးလှုပ်ရှားမှုတစ်ခုအတွက် မနှစ်ကတီထွင်ထားတဲ့စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်း တော်တော်ထူးခြားတဲ့ဖုန်းဖြစ်ပါတယ်။ 02 Recylce အမည်ရ ဖုန်းမှာ ဆဲလ်ဖုန်းအစိတ်အပိုင်းအဟောင်းတွေကို ပြန်လည်အသုံးချထားသလို၊ လန်ဒန် Twichenham ကွင်းထဲက မြက်ပင်စိမ်းလေးတွေပါ ဖုန်းမှာ ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကွင်းထဲကနေ ဖြတ်ပြီးပြီးချင်း နှစ်နာရီအတွင်းမှာ အအေးခံထားတဲ့ မြက်ပင်စိမ်းထိပ်လေးတွေကို ဖုန်းကိုယ်ထည်မှာ ထည့်သွင်းထားပြီး၊ ပလတ်စတစ်ကိုယ်ထည်သုံးစမတ်ဖုန်းတွေလောက် ပတ်ဝန်းကျင်ဆိုးကျိုးမရှိပါဘူး။

၅။ Samsung ရဲ့ ကိုယ်ထည်ပျော့စမတ်ဖုန်း

5-samsung-galaxy-skin-bendable-phone
စမတ်ဖုန်းဟာ ခေတ်ရှေ့ပြေးစမတ်ဖုန်းဒီဇိုင်းတစ်ခုကို ၂၀၁၁ ခုနှစ်မှာ စတင်ချပြခဲ့ပါတယ်။ OLED မျက်နှာပြင်သုံးစမတ်ဖုန်းဟာ ကိုယ်ထည်တစ်ခုလုံးကို လိုသလို ခေါက်ကွေးနိုင်ပြီး၊ မှန်ကွဲမှာ၊ အထဲက အစိတ်အပိုင်းတွေကို ထိခိုက်မှာမျိုး မပူရပါဘူး။
Samsung ဟာ ယခုဒီဇိုင်းနဲ့ စမတ်ဖုန်းမျိုးကို ၂၀၁၇ ခုနှစ်ထဲမှာ မိတ်ဆက်ဖို့ရှိပြီး၊ Samsung အပြင် LG ကပါ အလားတူဖုန်းမျိုး လုပ်ဆောင်လျက်ရှိပါတယ်။

၆။ Nokia ရဲ့ ပစ္စည်းဟောင်းပြန်လည်အသုံးချစမတ်ဖုန်း

6-nokia-remade
Recycle ပစ္စည်းတွေကို နည်းပညာသစ်နဲ့ ပေါင်းစည်းနိုင်မယ့် နည်းလမ်းကို ကုမ္ပဏီတိုင်းအဖြေရှာနေကြချိန်မှာ Nokia ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဖုန်းဒီဇိုင်းတစ်မျိုးကို ၂၀၀၈ ခုနှစ်မှာ မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။
အလူမီနီယမ်ဗူးတွေ၊ ပလတ်စတစ်ပုလင်းတွေနဲ့ ကားတာယာအဟောင်းတွေကို ပြန်လည်အသုံးချပြီးထုတ်ထားတဲ့ စမတ်ဖုန်းဟာ တန်ဖိုးကြီးဖုန်းတွေကိုင်ချင်သူတွေအကြိုက်မဟုတ်ပေမယ့်၊ သဘာဝပတ်ဝန်းကျင်သမားတွေအတွက်တော့ သဘောကျစရာပါပဲ။
Recycle လုပ်ထားတဲ့ပစ္စည်းတွေကို ဖုန်းကိုယ်ထည်မှာ အဓိကထည့်သွင်းထားပါတယ်။ ဒါပေမယ့် အပြင်ပိုင်းတင်မဟုတ်ဘဲ၊ Nokia ဟာ အတွင်းပိုင်းအစိတ်အပိုင်းတွေကိုလည်း ပရင့်ထုတ်ထားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကိုပဲ အသုံးပြုခဲ့ပြီး၊ တခြားထုတ်လုပ်နည်းစနစ်တွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနဲ့ အညစ်အကြေးစွန့်ထုတ်မှု အများကြီးနည်းပါတယ်။ ဒီ့အပြင် LED backlight မျက်နှာပြင်ကို အသုံးပြုထားတာကြောင့် ဘက်ထရီသက်တမ်းကလည်း ပိုမိုတာရှည်ခံမှာပါ။
အထက်ပါဖုန်းဒီဇိုင်းတွေဟာ လက်ရှိမှာ အသုံးပြုသူဈေးကွက်ထဲ မရောက်ရှိလာသေးဘဲ၊ ဘယ်ဒီဇိုင်းကို ကျနော်တို့ လက်ထဲမှာ စောစီးစွာမြင်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Ref: Digitaltimes.com.mm