Opera Browser ကို အသုံးပြုသင့်တဲ့ အချက် (၁၀) ချက်

Opera Browser ကို အသုံးပြုသင့်တဲ့ အချက် (၁၀) ချက်




Opera ဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး လူသုံးနည်းတဲ့ browser တွေထဲက တစ်ခုဖြစ်ပါတယ်။ နာမည်အကျော်ကြားဆုံး browser စာရင်းတွေထဲမှာ Opera က အမြဲပါဝင်လေ့ရှိပေမယ့် W3schools ရဲ့ ၂၀၁၆ ကိန်းဂဏန်းများအရ သုံးစွဲသူဦးရေဟာ ၁ ရာခိုင်နှုန်းခန့်သာရှိပါတယ်။ Opera ကို desktop ပေါ်မှာ အသုံးပြုသူ သန်း ၆၀ ခန့်ရှိပြီး Opera Mini for Android ကိုတော့ သန်း ၁၂၀ နီးပါးက အသုံးပြုနေကြပါတယ်။

Opera မှာ ထူးကဲကောင်းမွန်တဲ့ လုပ်ဆောင်ချက်အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် Opera မဟုတ်တဲ့ browser တွေမှာ သုံးနေတဲ့ speed dial, private/incognito window, pop-up blocker, tabbed browsing စတဲ့ feature အချို့ကလည်း Opera ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် Firefox နဲ့ Chrome ကနေ အခြား browser ကို ပြောင်းလဲသုံးစွဲရန် စဉ်းစားနေသူများအတွက် Opera ကို အသုံးပြုသင့်တဲ့ အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) ရင်းမြစ်များကို လက်ဝါးကြီးအုပ်ထားမှု မရှိခြင်း

Chrome နဲ့ Firefox လိုမျိုး browser တွေကြောင့် ကွန်ပျူတာစွမ်းဆောင်ရည် နှေးကွေးရခြင်းကို စိတ်ပျက်နေသူများအတွက် Opera က အကောင်းဆုံးဖြေရှင်းမှုတစ်ရပ်ဖြစ်ပတယ်။ Opera ဟာ resource-friendly browser တစ်ခုဖြစ်ပြီး ကွန်ပျူတာနဲ့ အင်တာနက်ရင်းမြစ်တွေကို အသုံးပြုမှု နည်းပါးပါတယ်။ ဒါကြောင့် Opera ကို အသုံးပြုတဲ့အခါမှာ စက်ဟန်းတဲ့ ပြဿနာ အနည်းငယ်ပဲ ကြုံတွေ့ရနိုင်ပါတယ်။

(၂) Built-in ad blocker ပါဝင်ခြင်း



Opera မှာ built-in ad blocker ပါဝင်တာကြောင့် third-party ad blocker တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ Opera ရဲ့ ad blocker ဟာ ကြော်ငြာအမျိုးအစားအားလုံးကို တားဆီးပေးနိုင်ပြီး ဝက်ဘ်ဆိုက်ရဲ့ load time ကို ၉၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။ Opera ရဲ့ ad blocker ကို နာမည်ကျော် Adblock Plus extension အသုံးပြုထားတဲ့ Chrome နဲ့အတူ ဝက်ဘ်ဆိုက် ၆၆ ခုဖြင့် စမ်းသပ်ရာမှာ Opera ရဲ့ ad blocker က Adblock Plus ထည့်သွင်းထားတဲ့ Chrome ထက် ၄၅ ရာခိုင်နှုန်း လျင်မြန်တာကို တွေ့ရပါတယ်။
Opera ရဲ့ ad blocker ကို enable လုပ်ရန်အတွက် Opera menu ထဲက Settings သို့သွားပြီး “Basic” section ကို enable လုပ်ရပါမယ်။

(၃) “Battery Saver” mode ဖြင့် သုံးနိုင်ခြင်း



Opera ဟာ laptop ရဲ့ ဘက်ထရီသက်တမ်းကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်မယ့် battery saver လုပ်ဆောင်ချက်တစ်ခုကို မကြာသေးမီက ထည့်သွင်းပေးခဲ့ပါတယ်။ Laptop ကို ပလတ်ဖြုတ်ထားတဲ့အခါ ဒါမှမဟုတ် အဆိုပါလုပ်ဆောင်ချက်ကို manual အရ enable လုပ်ထားတဲ့အခါမှာ Opera က စွမ်းဆောင်ရည် ထိခိုက်မှုမရှိစေဘဲ ဘက်ထရီ setting တွေကို ပြောင်းလဲပေးပါလိမ့်မယ်။
ပြောင်းလဲပြင်ဆင်နိုင်မယ့် လုပ်ဆောင်ချက်တွေထဲမှာ မသုံးတဲ့ plugin များကို ရပ်ဆိုင်းခြင်း၊ theme animation များ ရပ်ဆိုင်းခြင်း၊ background tab လုပ်ဆောင်ချက်များ လျှော့ချခြင်းတို့ ပါဝင်ပါတယ်။

Battery saver mode အတွက် Chrome နဲ့ နှိုင်းယှဉ်တဲ့အခါမှာ Opera က ဘက်ထရီနဲ့ ၅၀ ရာခိုင်နှုန်း ပိုမိုကြာမြင့်အောင် အသုံးပြုနိုင်စေပါတယ်။

(၄) Built-in VPN ပါဝင်ခြင်း



Opera မှာ ကန့်သတ်ထားမှုတွေမရှိဘဲ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ စတင်အသုံးပြုနိုင်တဲ့ built-in အခမဲ့ VPN တစ်ခု ပါဝင်ပါတယ်။

Opera VPN ကို enable လုပ်ရန်အတွက် Settings ကို သွားပြီး “Privacy & security” section ကို နှိပ်ပါ။ အဲ့ဒီနောက် “Enable VPN” ကို အမှန်ခြစ်လုပ်ပါ။

အဲ့ဒီအခါ address bar ရဲ့အစမှာ VPN ခလုတ်တစ်ခုကို ထည့်သွင်းပေးပါလိမ့်မယ်။ အဆိုပါ VPN ခလုတ်ကိုနှိပ်ပြီး VPN ကို အဖွင့်/အပိတ် ပြုလုပ်နိုင်ပါတယ်။ Virtual တည်နေရာများကိုလည်း ရွေးချယ်နိုင်ပြီး အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ စင်ကာပူနဲ့ နယ်သာလန်တို့ကို ထောက်ပံ့ပေးထားပါတယ်။ VPN ဟာ ကောင်းစွာ အလုပ်လုပ်ပြီး ကြော်ငြာတွေကို မပြသသလို အင်တာနက်ကြည့်ရှုတဲ့အမြန်နှုန်းကိုလည်း ထိခိုက်စေခြင်း မရှိပါဘူး။

(၅) Opera တွင် Chrome extension များ သုံးနိုင်ခြင်း

Opera နဲ့ Chrome ဟာ တူညီတဲ့ platform ပေါ်မှာ တည်ဆောက်ထားတာကြောင့် Chrome extension တွေကို Opera ပေါ်မှာ လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ Opera အတွက် Download Chrome Extension ကိုတော့ ထည့်သွင်းဖို့ လိုပါတယ်။

အဲ့ဒီ extension ကို Opera မှာ ထည့်သွင်းပြီးတဲ့အခါ Chrome store ရှိ “Add to Chrome” ခလုတ်နေရာမှာ “Add to Opera” ခလုတ်ကို တွေ့မြင်ရပါမယ်။ အဲ့ဒီနောက် Opera မှာ အသုံးပြုလိုတဲ့ နှစ်သက်ရာ Chrome extension တွေကို အဲ့ဒီခလုတ်နှိပ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။

(၆) Opera Turbo

Opera မှာ Opera Turbo လို့ခေါ်တဲ့ built-in data compression system တစ်ခု ပါဝင်ပါတယ်။ Opera Turbo ဟာ အချက်အလက်များကို ချုံ့ရန်အတွက် Opera ဆာဗာတွေကို အသုံးပြုပါတယ်။ Opera Turbo ကို enable လုပ်ထားတဲ့အခါမှာ အချက်အလက်အနည်းငယ်ပဲ download ပြုလုပ်တဲ့အတွက်ကြောင့် အင်တာနက်ဒေတာသုံးစွဲမှု လျော့နည်းသက်သာစေပါလိမ့်မယ်။ ဒါ့အပြင် စာမျက်နှာတွေကို ဖွင့်တဲ့အမြန်နှုန်းကလည်း မြင့်တက်လာပါလိမ့်မယ်။

(၇) Speed Dial



Opera ရဲ့ နာမည်ကျော် Speed Dial ဟာ မကြာခဏ လည်ပတ်အသုံးပြုလေ့ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို speed dial နဲ့ homepage မှာ အစားထိုးပေးပါတယ်။ Speed dial ကနေ အသုံးပြုလိုတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ စာမျက်နှာတွေကို အလွယ်တကူ bookmark လုပ်နိုင်ပါတယ်။ အဲ့ဒီနောက် homepage ကနေ လျင်မြန်စွာ ဖွင့်လှစ်ကြည့်ရှုနိုင်ပါတယ်။

(၈) Opera News Digest



Opera ဟာ သုံးစွဲသူ ရွေးချယ်ထားတဲ့ သတင်းဝက်ဘ်ဆိုက်စာရင်းက သုံးစွဲသူစိတ်ဝင်စားတဲ့အရာတွေကို အခြေခံပြီး စုစည်းထားတဲ့ news digest တစ်ခုကို ထောက်ပံ့ပေးပါတယ်။ အဲ့ဒါကို သုံးချင်တယ်ဆိုရင် Opera main menu ကိုနှိပ်ပြီး News ကို ရွေးချယ်နိုင်ပါတယ်။ စုစည်းထားတဲ့ သတင်းတွေကို အနုပညာ၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ အစားအသောက်၊ အားကစား၊ ခရီးသွား၊ နည်းပညာ စတာတွေအပါအဝင် သုံးစွဲသူစိတ်ဝင်စားမှုအလိုက် ဖော်ပြပေးနိုင်ပါတယ်။

(၉) Pop-Out ဗီဒီယိုများ



YouTube နဲ့ အခြား video sharing ဝက်ဘ်ဆိုက်တွေမှာ ဗီဒီယိုကို တစ်နေရာတည်းမှာပဲ ကြည့်လို့ရပါတယ်။ Comment တွေ ဒါမှမဟုတ် အကြံပြုထားတဲ့ ဗီဒီယိုတွေကို scroll လုပ်လိုက်တဲ့အခါမှာ ဗီဒီယိုကို ကြည့်လို့မရတော့ပါဘူး။ အဲ့ဒီပြဿနာကို Opera က ဖြေရှင်းပေးနိုင်ပါတယ်။

Opera ဟာ အရွယ်သေးငယ်တဲ့ Pop-out ဗီဒီယိုခလုတ်ကို ဗီဒီယိုတွေရဲ့ ထိပ်ဘက်ပိုင်းမှာ ထည့်သွင်းပေးပါတယ်။ အဲ့ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ ဗီဒီယိုကို pop-out window နဲ့ ကြည့်ပြီး page ကို scroll လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဝက်ဘ်ဆိုက်က ထွက်လာတာတောင်မှ pop-out ဗီဒီယိုကို ဆက်ကြည့်နိုင်ပါတယ်။



(၁၀) Keyboard Shortcut များ ပြင်ဆင်သတ်မှတ်နိုင်ခြင်း



Keyboard shortcut တွေနဲ့ အသုံးပြုရတာကို နှစ်သက်ပြီး browser က သတ်မှတ်ထားတဲ့ default keyboard shortcut တွေကို မကြိုက်ဘူးဆိုရင် Opera က စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။ Opera မှာ ကိုယ်ပိုင် keyboard shortcut များကို ဖန်တီးထားနိုင်ပါတယ်။

Opera Settings ထဲက “Browser” section ကိုသွားပြီး “Shortcuts” option အထိ scroll လုပ်ပါ။ အဲ့ဒီနောက် “Configure shortcuts” ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာ ထောက်ပံ့ပေးထားတဲ့ keyboard shortcut တွေကို တွေ့ရပါလိမ့်မယ်။

Ref: Hongkiat

Ref: internetjournal.media


Contact Us

Name

Email *

Message *

Back To Top