အခြား Samsung ဖုန်းအမျိုးအစား ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းထွက်ပေါ်


ပြင်သစ်နိုင်ငံရှိ Samsung ဖုန်းသုံးစွဲသူတစ်ဦးက ၎င်း၏ Galaxy J5 စမတ်ဖုန်းသည် နိုဝင်ဘာ ၆ ရက်တွင် မီးလောင်ကျွမ်းကာ ပေါက်ကွဲခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဖုန်းအမျိုးအစားသည် ကမ္ဘာတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းခဲ့သော Galaxy Note 7 နှင့် ကွဲပြားခြားနားသည်။

လမ်ယာဘိုယာဒန်း၏ အေပီသတင်းဌာနထံ ပြောကြားချက်အရ သူမ၏အိမ်တွင် မိသားစုစုံညီပွဲပြုလုပ်နေစဉ် လေးနှစ်အရွယ် သူမ၏သားအား ဖုန်းကို လှမ်းယူခိုင်းခဲ့ပြီးနောက် ဖုန်းမှာ အရမ်းပူနေသည်ကို သတိထားမိခဲ့ကြောင်း၊ ထို့နောက် ဖုန်းမှ မီးခိုးများထွက်လာသဖြင့် ဖုန်းကို အဝေးသို့လွှင့်ပစ်လိုက်ကြောင်း သိရသည်။

“မီးခိုးတွေ ထွက်လာတာမြင်တော့ လန့်ပြီး ဖုန်းကို လွှင့်ပစ်လိုက်ပါတယ်” ဟု ကလေးသုံးယောက်မိခင် ဘိုယာဒန်းက ပြောကြားခဲ့သည်။

ထို့နောက်တွင် အဆိုပါဖုန်းသည် မီးလောင်ကျွမ်းခဲ့သဖြင့် သူမ၏ခင်ပွန်းက အလျင်အမြန် မီးငြှိမ်းသတ်ခဲ့သည်။

၎င်းဖုန်းကို ဇွန်လက ဈေးလျှော့ရောင်းချသော ဝက်ဘ်ဆိုက်တစ်ခုထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ သူမအနေဖြင့် Samsung ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဘိုယာဒန်းက ပြောကြားသည်။

တောင်ကိုရီးယားကုမ္ပဏီသည် ဘက်ထရီအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည့် ပြဿနာကြောင့် Galaxy Note 7 စမတ်ဖုန်း သန်းပေါင်းများစွာကို ကမ္ဘာတစ်ဝန်းထံမှ ပြန်လည်သိမ်းဆည်းခဲ့ရသည်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍ အေပီသတင်းဌာန၏ အီးမေးလ်ဖြင့် မေးမြန်းချက်ကို Samsung က တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

Ref: AP
Ref: internetjournal.media