၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော နာမည်ကျော် နည်းပညာ (၅) မျိုး

၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော နာမည်ကျော် နည်းပညာ (၅) မျိုး




နည်းပညာသစ်တွေ ထွက်ပေါ်လာတာနဲ့ အဟောင်းတွေကလည်း သဘာဝအလျောက် ပျောက်ကွယ်ကုန်ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆီလီကွန်တောင်ကြားက နာမည်ကျော်နည်းပညာစိတ်ကူး အချို့လည်း ပျောက်ကွယ်ခဲ့ပါတယ်။ အဲ့ဒီနည်းပညာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Vine



၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ စတင်ထွက်ပေါ်လာတဲ့ Vine ဟာ ၆ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုတွေကြောင့် ရေပန်းစားလာပါတယ်။ Twitter မှပိုင်ဆိုင်တဲ့ Vine app က ကြယ်ပွင့်တွေ များစွာ ဖန်တီးပေးခဲ့ပါတယ်။ တချို့ကြယ်ပွင့်တွေဟာ ပရိသတ်တွေအကြား ရေပန်းစားခဲ့တယ်။ ကြယ်ပွင့်တွေဟာ Vine ရဲ့စွမ်းရည်နဲ့ ဈေးကွက်ရှာဖွေရေးသမားတွေအတွက် လူကြိုက်များတဲ့ ဗီဒီယိုနဲ့ ငွေအမြောက်အမြားရှာနိုင်ခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ Vine အောင်မြင်မှု အထွတ်အထိပ်ရောက်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ Instagram နဲ့ Snapchat လိုမျိုး ပြိုင်ဘက်တွေက ကြယ်ပွင့်တွေအပါအဝင် Vine သုံးစွဲသူတွေကိုလည်း ဆွဲဆောင်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက Vine ထိပ်တန်းသုံးစွဲသူ ၁ ရာခိုင်နှုန်းရဲ့ ထက်ဝက်ကျော်ဟာ ၂၀၁၆ မှာ post တင်မှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
အောက်တိုဘာလမှာ Twitter က Vine ကို ပိတ်သိမ်းလိုက်ပါတယ်။ သုံးစွဲသူအနေနဲ့ ၆ စက္ကန့်စာ ဗီဒီယိုကိုဖန်တီးပြီး Twitter မှာ တိုက်ရိုက်တင်နိုင်မယ့် app သစ်ကို Vine နေရာမှာ အစားထိုးသွားမယ်လို့ Twiiter က ယခုလမှာ ထုတ်ပြန်ခဲ့ပါတယ်။

Google Fiber



Google ဟာ fiber-optic လုပ်ငန်း၊ မြန်နှုန်းမြင့် အင်တာနက်နဲ့ cable တီဗီဝန်ဆောင်မှုတွေအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ခန့်မှန်းမှုများအရ အနည်းဆုံး ၁ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
အောက်တိုဘာလမှာ ကုမ္ပဏီအနေနဲ့ လက်ရှိမြို့ ၉ ခုမှာ စီမံခန့်ခွဲနေပြီး တည်ဆောက်မှုတွေ စတင်ပြုလုပ်ထားတဲ့ လေးခုမှာ Fiber ဝန်ဆောင်မှုကို တိုးချဲ့တော့မှာ မဟုတ်ဘူးလို့ gigabit broadband အစီအစဉ် တာဝန်ရှိသူ Alphabet ဌာနခွဲ Access ရဲ့အမှုဆောင်အရာရှိချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ အခုအခါမှာတော့ မြန်နှုန်းမြင့်အင်တာနက်ကို ဈေးမကြီးတဲ့ ကြိုးမဲ့နည်းပညာတွေကနေ ရယူသွားဖို့ ရည်ရွယ်ထားပါတယ်။

Google ရဲ့ broadband အစီအစဉ်ဟာ အာဏာပိုင်တွေ မလုပ်ကိုင်နိုင်တဲ့ အချိန်မှာ ပြိုင်ဆိုင်မှုကို အတင်းအကျပ်ပြုလုပ်ပြီး တစ်ဦးတည်းပိုင်ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို တိုးတက်အောင် တွန်းပို့ခဲ့တယ်လို့ MIT Technology Review မှာ ဂျိမ်းစ်ဆာရိုဝစ်ကီက သုံးသပ်ထားပါတယ်။

Pebble



Pebble တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုဟာ စမတ်နာရီအပြောင်းအလဲနဲ့ တိုက်ဆိုင်နေပါတယ်။

Kickstarter မှာ အောင်မြင်လာတဲ့ Pebble ရဲ့စမတ်နာရီဟာ ၂၀၁၃ ခုနှစ်မှာ ၁၀ သန်းအထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ပါတယ်။ Kickstarter မှာ အောင်မြင်မှု အရရှိဆုံး အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သလို စမတ်နာရီဈေးကွက်ကို လှုပ်နိုးနိုင်အောင် အထောက်အကူပြုခဲ့ပါတယ်။

MIT Technology Review ရဲ့ ရေချယ်မက်ဇ်ကလည်း စမတ်နာရီတွေဟာ ဘက်စုံအသုံးမဝင်ဘူးဆိုရင် စိတ်ကျေနပ်မှုအပြည့်အဝမရတဲ့ gadget တစ်ခုပဲဖြစ်လာမှာပါ ဆိုပြီး သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ Pebble အနေနဲ့ နာရီအနည်းငယ် ထုတ်လုပ်ခဲ့ပါသေးတယ်။ အခုလမှာတော့ Fitbit က Pebble ကို ဝယ်ယူခဲ့ပါတယ်။ ကုမ္ပဏီက ဆက်လက်တည်ရှိတော့မှာ မဟုတ်သလို နာရီတွေကိုလည်း ထုတ်လုပ်ရောင်းချတော့မှာ မဟုတ်ပါဘူးလို့ Pebble က ထုတ်ပြန်ခဲ့ပါတယ်။

Pebble အနေနဲ့ နာရီသစ်ကို စောင့်မျှော်နေကြတဲ့ ငွေကြေးထောက်ပံ့ထားသူတွေကို ပိုက်ဆံပြန်ပေးခဲ့တယ်လို့ “Dear Pebblers” အမည်ရပေးစာမှာ ဖော်ပြခဲ့ပါတယ်။

နားကြပ်ပေါက်



Apple က iPhone 7 မှာ ၃.၅ မီလီမီတာနားကြပ်ပေါက်ကို ဖယ်ရှားလိုက်ခြင်းဟာ သတ္တိရှိတဲ့လုပ်ရပ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ကြိုးမဲ့အသံစနစ်ကို စံတစ်ခုအနေနဲ့အသုံးပြုမယ့် ကမ္ဘာကြီးတစ်ခုဖြစ်လာအောင် အပြောင်းအလဲတစ်ခုလိုနေပြီ ဆိုပြီး ငြင်းခုံမှုတွေ ရှိနေပါတယ်။

ဒီအပြောင်းအလဲမှာ ရေရှည်မှာ သုံးစွဲသူတွေအတွက် အကျိုးကျေးဇူးတွေ ရလာဖွယ်ရှိပါတယ်။ ကုမ္ပဏီတွေအနေနဲ့ကတော့ ချက်ချင်း အကျိုးဖြစ်ထွန်းနိုင်မှာပါ။

လူတွေအနေနဲ့ ဖုန်းသစ်တွေမှာ dongle တွေပါလာသေးတာကြောင့် သမားရိုးကျ နားကြပ်တွေ အသုံးပြုနိုင်ပါသေးတယ်။ ဒါမှမဟုတ် Apple ထုတ်ကုန်တွေမှာ lightning port နဲ့ချိတ်ဆက်ပြီး နားကြပ်ကိုအသုံးပြုနိုင်ပါတယ်။

ကြိုးမဲ့အသံပိုင်းဆိုင်ရာ အတွေ့အကြုံသစ်ကို ခံစားနိုင်ဖို့ Apple ရဲ့ AirPods သစ်ကို ၁၅၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ iPhone သုံးစွဲသူတွေဟာ AirPods ကိုမနှစ်သက်ကြပေမယ့်လည်း iPhone 7 ရောင်းအားကို ထိခိုက်မှု မရှိပါဘူး။

အခုအခါမှာ Samsung အနေနဲ့ နားကြပ်ပေါက်ကို စွန့်ပယ်ဖွယ်ရှိနေပါတယ်။

Project Ara



နှစ်ပေါင်းများစွာ မိတ်ဆက်ခဲ့တဲ့ hardware စီမံကိန်းတစ်ခု Project Ara ကို စက်တင်ဘာလမှာ Google က ရပ်ဆိုင်းလိုက်ပါတယ်။

Project Ara ရဲ့ရည်မှန်းချက်က ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတစ်ခု ထွက်ပေါ်လာရေးပါ။ Projet Ara ဖုန်းတွေမှာ ပြောင်းလဲနိုင်တဲ့ hardware အစိတ်အပိုင်းကို အဆင့်မြှင့်တင်နိုင်သလို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ကင်မရာ မှန်ဘီလူးနဲ့ sensor အစရှိတဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေကိုလည်း လဲလှယ်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Google အနေနဲ့ ပွာတိုရီကိုနိုင်ငံမှာ Project Ara စမတ်ဖုန်း စမ်းသပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် စီမံကိန်းရဲ့အနာဂတ်ဟာ မတည်ငြိမ်တော့ပါဘူး။

စမတ်ဖုန်းကိုလွှမ်းမိုးထားတဲ့ ရေစီးကြောင်းက ဖုန်းတွေကို ပိုမိုကောင်းမွန်ပြီး မြန်မြန်ဆန်ဆန် ထွက်လာစေတဲ့အပြင် ဈေးလည်း သက်သာလာပါတယ်။ ဒါကြောင့် Google အနေနဲ့ modular စမတ်ဖုန်း အိပ်မက်တွေကို ဖျက်သိမ်းလိုက်တာ ဖြစ်နိုင်ပါတယ်။

Ref: BusinessInsider
Credit: internetjournal.media



Contact Us

Name

Email *

Message *

Back To Top