ဖေ့စ်ဘွတ်ခ်ပေါ် အတက်ကြွလွန်နေသူတို့၏ လက္ခဏာ ၈ ရပ်


ဒါပေါ့၊ ကိုယ်တွေချစ်သူ စဖြစ်သည့်နှစ်ပတ်လည် နေ့လေးအကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် တင်တာတင်သင့်တဲ့ ကိစ္စပဲလေ။ သို့ပေငြားလည်း နှစ်ယောက်သား အပြင်သွား ညစာစားတိုင်း ဖေ့စ်ဘွတ်ခ်ပေါ် တင်နေရင်တော့ တစ်ဆိတ်ကလေး လွန်ပြီထင်သည်။ ကိုယ့်ရဲ့ချစ်စရာ ဟမ်းစတားလေးက တီတီတာတာတွေ လုပ်ပြတာ၊ မိတ်ဆွေတွေလည်း ကြည့်ရအောင် ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ် တင်ပေးတာ တစ်ခါတလေလောက်ဆို ပျော်ဖို့ကောင်းပေမယ့် နေ့တိုင်းဗီဒီယို ရိုက်တင်နေရင်တော့ နည်းနည်းတော့ စဉ်းစားသင့်ပြီ။ ကိုယ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတက်ကြွ လွန်နေသူများ စာရင်းထဲ ပါမပါဆန်းစစ် ကြည့်ရအောင် အောက်ကအချက်များနဲ့ တိုက်စစ်ကြည့်ကြစို့။
မစဉ်းမစားနဲ့ ပို့စ်တွေတင်ခြင်း
စိတ်ကူးပေါက်လာတိုင်း စာရေးတင်၊ ဖုန်းနဲ့ ဓာတ်ပုံခုရိုက်ခုတင် ဆိုတာတွေလုပ်၊ ကိုယ့်ဘာသာတောင် သဘောပေါက်အောင် ဝင်ဖတ်မကြည့်ဘဲ လင့်ခ်တွေ စွတ်ရှဲနေပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုပြီ။ ဘယ်သူဘာထင်ထင် ဂရုမစိုက်ဟုဆိုလျှင်ပင် ကိုယ့်အပြုအမူက ကိုယ့်ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံရေးထိပါးစေမည့် တစ်ချက်ကိုတော့ ဂရုစိုက်သင့်သည်။ ယနေ့တင်လိုက်သော ပို့စ်သည် မနက်ဖြန်မှသည် ရာသက်ပန်ထိတောင် အင်တာနက်ပေါ်မှာ ရှိနေနိုင်သည်ဆိုတာ လူတော်တော်များများ သတိမမူ ဂူမမြင်ဖြစ်နေကြသည်။ မိမိ၏ ပို့စ်တစ်ခုသည် လောလောဆယ်မှာ ဒုက္ခမပေးသေးလျှင်ပင် တစ်နေ့မှာ တစ်ကျော့ပြန်လာပြီး ပါးကိုလာကိုက်နိုင်သည်။
တစ်ရက်လေးကြိမ်ထက်မက ပို့စ်တွေတင်နေခြင်း
ငါပို့စ်တွေ စွတ်တင်နေမိလားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိပြီဆိုလျှင် သေချာသည် ပို့စ်တွေစွတ်တင် နေမိပြီဟု ဆိုလိုက်ချင်သည်။ လူတစ်ယောက်တည်းကိုပင် တစ်နေ့ငါးကြိမ် ခြောက်ကြိမ်မက ဖုန်းတွေခေါ်၊ မက်ဆေ့ခ်ျတွေ ပို့တာမျိုး နေ့တိုင်းလုပ်မိပါသလား။ လုပ်မိမည်မထင်။ ဖေ့စ်ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာပေါ် ပို့စ်တင်ခြင်းဟူသည် မိမိသူငယ်ချင်း စာရင်းထဲက လူတိုင်းလူတိုင်းဆီကို ထိုပို့စ်ရောက်သွား စေသည်ဖြစ်ရာ တစ်နေ့လေးငါးကြိမ်မက ပို့စ်တွေတင်နေခြင်းသည် ထိုလူကို တစ်နေ့လေးငါးကြိမ်မက ဖုန်းတွေခေါ်၊ မက်ဆေ့ခ်ျတွေပို့ပြီး အနှောင့်အယှက် ပေးနေသည့်နှယ် ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်ကို မိုးလင်းတစ်ကြိမ်၊ အိပ်ခါနီးတစ်ကြိမ်သာ သုံးသူနေရာက စဉ်းစားကြည့်ပါ။ ထိုသူသည် အိပ်ခါနီးဖေ့စ်ဘွတ်ခ် ကြည့်ရာတွင် မိမိ၏ပို့စ်တွေချည်း လေးငါးခြောက်ခုလောက်ကို ကျော်ပြီးမှ အခြားလူတစ်ဦး၏ ပို့စ်များကို မြင်ရလိမ့်မည်။ “ဖေ့စ်ဘွတ်ခ်ထဲမလဲ သူ့ပို့စ်တွေချည်းပဲ”ဟု အပြောခံရသည့်  လူမျိုးဖြစ်လာလျှင် ကြာတာတော့ သူငယ်ချင်းများသည် ကိုယ့်ပို့စ်တွေကို “Hide” လုပ်ပစ်လာကြလိမ့်မည်။ ထိုသို့လုပ်လိုက်လျှင် နောင်သူတို့ “News Feed” မှာ ကိုယ့်ပို့စ်တွေ တော်တော်နဲ့ ပေါ်တော့မည် မဟုတ်။ နေ့တိုင်းပို့စ် တင်နေစရာ မလိုကြောင်း ကိုယ့်ကိုယ်ကိုယ် ဆုံးမပါ။
ခရီးသွားရင် တစ်ပုံပြီးတစ်ပုံ အဆက်မပြတ် တင်နေခြင်း
ခရီးသွားခြင်းသည် ပျော်စရာ။ ခရီးသွားနေသည့် သူငယ်ချင်းတွေ၏ ပို့စ်များကတစ်ဆင့် ဒေသန္တရ ဗဟုသုတများ ရရှိခြင်းသည်လည်း လိုလားဖွယ် ကိစ္စဖြစ်သည်။ သို့သော် နာရီမလပ် တရစပ်ပို့စ်တွေ တင်နေလျှင်မူ လိုလားစရာမှသည် စိတ်ပျက်စရာကြီး အဆင့်ကို ရောက်သွားလိမ့်မည်။
ကာရီဘီယန် ပင်လယ်ထဲက ရေကြည်စိမ်းစိမ်းနဲ့ ဓာတ်ပုံတစ်ပုံ နှစ်ပုံလောက်ကို ကြည့်လိုကြမည် မှန်သော်လည်း နာရီမလပ် တစ်ပုံပြီး တစ်ပုံ တင်နေမည် ဆိုလျှင်ကား “Hide” လုပ်ကုန်ကြလိမ့်မည်။ အပန်းဖြေခရီး မထွက်နိုင်ဘဲ ရုံးမှာချောင်ပိတ် မိနေသူများအားလည်း မိမိ၏ပုံများကြောင့် စိတ်အနှောင့် အယှက်ဖြစ်အောင် လုပ်ရာရောက်သွားလျှင် မိမိလည်း လူမှုရေးရာ နားမလည်သူ ဖြစ်ရပေလိမ့်မည်။
ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်အကြောင်းတွေချည်း လှိမ့်တင်နေခြင်း
ဆိုရှယ်မီဒီယာဟူသည် လူအများ ချိတ်ဆက်နိုင်အောင် ဖန်တီးပေးထားသော နေရာဖြစ်သည်။ ကိုယ်ပြောချင်တာတွေချည်း လျှောက်ပြော၊ ကိုယ့်အကြောင်း တင်ချင်တာတွေချည်း လျှောက်တင်၊ သူများအကြောင်း မဖတ်၊ မလုပ်၊ ကွန်မန့်မပေးသော သူများသည်လည်း ဖေ့စ်ဘွတ်ခ် အတက်ကြွလွန် အစုထဲမှာ ပါသည်။ ပို့စ်လေးခုတင်လျှင် သုံးခုသည် မိမိကိုယ်ကို ဗဟိုမပြုသော ပို့စ်မျိုးဖြစ်မှ ဆိုရှယ်မီဒီယာကို မှန်ကန်စွာ အသုံးချတတ်သည် မည်သည်။
ကိုယ့်ပစ္စည်းတွေ ဓာတ်ပုံရိုက်ပြီး ကြွားခြင်း
စေ့စပ်လက်စွပ်လေးကို တစ်ကြိမ်လောက် ဓာတ်ပုံရိုက်တင်ခြင်းသည် ဘဝအမှတ်တရ ပျော်စရာ အခိုက်အတန့်ကို မိတ်ဆွေများနဲ့ ဝေမျှခြင်းဖြစ်သောကြောင့် အားလုံးက လိုလားကြမည် ဖြစ်သော်လည်း ထိုလက်စွပ်ကိုပဲ အမျိုးမျိုး ဓာတ်ပုံရိုက်ကာ နှစ်ရက်သုံးရက် နေတိုင်း ပို့စ်တင်နေခြင်း၊ အခြားအသုံးအဆောင် ပစ္စည်းများကိုလည်း ဓာတ်ပုံတွေရိုက်ကာ  မကြာမကြာ တင်နေခြင်းမူကား “ငကြွားဘွဲ့” သာရလိမ့်မည်။ ကံဆိုးလျှင် စောရတို့၏ သားကောင်ပါ ဖြစ်သွားနိုင်သည်။ ကိုယ်ဘယ်လောက် ချမ်းသာသည်၊ ဘာတွေ ပိုင်ဆိုင်သည်ကို အခြားလူတွေ အနေနဲ့ မကြာမကြာ မြင်နေရတာမျိုး လိုလားကြလိမ့်မည် မဟုတ်။
ကလေးတွေပုံ စွတ်တင်နေခြင်း
ကိုယ့်ကလေးလေးက ချစ်စရာမို့ ကလေးဓာတ်ပုံတွေ ဖုန်းထဲ မဆံ့တော့အောင်ရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်လည်း ကလေးပုံတွေချည်း စွတ်တင်နေမိပြီဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဘရိတ်အုပ်ဖို့ သတိရလိုက်ပါ။ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေ အနေနဲ့ ကိုယ့်ကလေးပုံကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မကြာမကြာ မြင်နေဖို့ လိုအပ်ပါရဲ့လား။ ပြောရရင် မလိုအပ်ပါ။ ကလေးပုံများ အလွန်အကျွံ တင်ခြင်းဖြင့် ကလေးမရှိသူများ၊ ကလေးမရနိုင်သူများ၊ ကလေးမလိုချင် သူများအဖို့ မျက်စိနောက်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်အလိုမကျ စရာများ ဖြစ်ရနိုင်သလို၊ ကိုယ့်ကလေးအတွက်လည်း အန္တရာယ်ရှိလာနိုင်သည်။ တတ်နိုင်လျှင် ကလေးပုံများ ဆိုရှယ်မီဒီယာပေါ် မတင်တာ အကောင်းဆုံးဖြစ်သည်။ တင်လျှင်လည်း ထိုပုံကို မည်သူများကိုသာ မြင်ခွင့်ပြုမည်ဆိုတာ Privacy စနစ်တကျလုပ်ပြီးမှ တင်သင့်သည်။
ကိုယ့်ပို့စ်တွေကို Like လုပ်နေကျ လူတွေပါ ပျောက်သွားတာ ကြုံရခြင်း
အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကိုယ်တွေ လုပ်သမျှကို မငြိုမငြင်နဲ့ Like လုပ်ပေး၊ ထောက်ခံပေးနေကျ ပုဂ္ဂိုလ်ကိုပြောပါဆို မေမေဟုသာ ပြောရမည်။ ထို့အပြင် ကိုယ့်ငယ်သူငယ်ချင်းများ၊ မိတ်ဆွေရင်း များထဲတွင်လည်း ကိုယ်တင်သမျှ ပို့စ်တွေကို Like လုပ်ပေးနေသူတွေ ရှိလိမ့်မည်။ အကယ်၍ Like လုပ်နေကျလူများ Like မလုပ်တော့ဘဲ ပျောက်သွားတာမျိုး ကြုံရပြီဆိုလျှင်ကား သတိရလိုက်ပါ၊ ကိုယ့်ပို့စ်တွေ အရမ်း အရမ်း အရမ်းကို လိုတာထက် ပိုတင်နေမိပြီဆိုတာ။ သူငယ်ချင်း စာရင်းထဲ ရှိနေသေးသည့်တိုင် ထိုလူများကလည်း ဖေ့စ်ဘွတ်ခ်ကို ပုံမှန်အသုံးပြု နေကြသည့်တိုင် ကိုယ်ပို့စ်တွေကို Like မလုပ်၊ Comment မပေးတော့သည့် အခါမျိုး ကြုံလာရပြီဆိုလျှင် သတိရလိုက်ပါ၊ ထိုလူတွေသည် ကိုယ့်ပို့စ်များကို “Hide” လုပ်နေကြပြီ ဖြစ်သောကြောင့်တည်း။ ဖေ့စ်ဘွတ်ခ်၏ သဘောအရ “Hide” လုပ်ခံရသူ၏ ပို့စ်များကို နောင်တွင်“Hide” လုပ်လိုက်သူ ကာယကံရှင်၏ News Feed တွင် သိပ်မပေါ်တော့အောင် လျှော့ချပေးလိုက်သည်။ မိမိပို့စ် “Hide” လုပ်ခံရခြင်းမှာ မိမိသည် လိုတာထက်ပိုပြီး အလွန်အကျွံတွေ တင်နေသဖြင့် တစ်ဖက်လူတွေ မျက်စိနောက် မခံနိုင်တော့သောကြောင့် မိတ်လည်း မပျက်စေ၊ မိမိတင်သည့် ပို့စ်များလည်း သူတို့ဆီမှာ သိပ်မပေါ်စေအောင် “Hide” လုပ်လိုက် ကြခြင်းဖြစ်သည်။ ထိုသို့ မိမိကို Like လုပ်နေကျ၊ Comment ပေးနေကျလူများ ရံဖန်ရံခါ ပျောက်ပျောက် သွားတတ်သည်ဆိုလျှင် ငါပို့စ် အတင်လွန်နေပြီလားဟု ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ အချိန်ကျပြီ။
အိမ်တွင်းရေး ကိစ္စတွေ ဖေ့စ်ဘွတ်ခ်ပေါ်တင်ခြင်း
ကိုယ့်အိမ်တွင်းရေး ကိစ္စတွေ၊ ခုတင်ပေါ်က ကိစ္စတွေကို ဖေ့စ်ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာတွေ ပေါ်တင်နေမိပြီဆိုလျှင် ကိုယ်ဟာပို့စ်တင် လွန်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပြီကို သတိရလိုက်ပါ။ ကိုယ့်အိမ်ထဲကကိစ္စ၊ အိပ်ခန်းထဲက ကိစ္စဟူသည် အိမ်ထဲမှာ၊ အိပ်ခန်းထဲမှာသာ ထားရမည့်ကိစ္စမျိုး ဖြစ်သည်။ ထိုကိစ္စများကို ဆိုရှယ်မီဒီယာပေါ် လျှောက်တင်နေခြင်းသည် ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားစေနိုင်သလို မိမိအိမ်သားများကိုလည်း စိတ်ကသိကအောက် ဖြစ်အောင်လုပ်ရာ ကျသည်။ မိမိအပူကို ဆိုရှယ် မီဒီယာပေါ်တင်ကာ အခြားသူများကိုပါ အပူဟပ်အောင် လုပ်နေခြင်းဖြင့် ဆိုရှယ်မီဒီယာပေါ်က လူများကလည်း ကိုယ့်ကိုဆို ခပ်ခွာခွာလုပ်ကုန် ကြလိမ့်မည်။
Ref: 8 Signs You Share Way Too Much on Facebook BY LINDSAY TIGAR (Reader’s Digest)
Credit: internerjournal.media