ဗိုက်ဘာမှာ လျှို့ဝှက်မက်ဆေ့ခ်ျ ထည့်သွင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၄- ဖေ့စ်ဘုတ်ခ်ပြီးရင် ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်နေတဲ့ Viber မှာ secret message ကို ထည့် သွင်းပေးလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က Viber ဘလော့ဂ်မှာ ကြေညာ ထားပါတယ်။
Secret message ဆိုတာကတော့ မိမိနဲ့ မိမိပေးပို့မယ်သူ နှစ်ဦးထဲသာ ဖတ်နိုင်မြင်နိုင်ပြီး ပေးပို့ပြီးတာနဲ့ ဖိုင်တွေ အကုန်လုံးပျက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးပိုင်းအတွက် Viber က သည်ဝန်ဆောင်မှု ကို ပေးလိုက်တာ ဖြစ်ပါတယ်။
မိမိပေးပို့ထားတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အချိန်သတ်မှတ်ဖို့ ကန့်သတ်ထား ရမှာ ဖြစ်ပြီး မိမိသတ်မှတ်ထားတဲ့ အချိန်ရောက်ရင် အလိုအလျောက် ပျက်သွားမှာ ဖြစ်တာကြောင့် ဘယ်သူမှ ဝင်ကြည့်နိုင်မှာ မဟုတ်ပါဘူး။ Viber ရဲ့ Setting ကနေ ၁၊ ၃၊ ၇၊ ၁၀ စက္ကန့်စတဲ့ ကြိုက်ရာအချိန်ကို ရွေးရပါမယ်။ ရွေးပြီးရင် မိမိသတ်မှတ်ထားတဲ့ အချိန်မှာပဲ ပေးပို့တာတွေ အကုန်ပျက်သွားမှာ ဖြစ်ပါတယ်။
‘ဒီဘက်ကနေ hi လို့ ပို့လိုက်တာကို ကြားထဲ မရောက်ခင်မှာ ဘယ်သူမှ ကြည့်မရအောင် ကာကွယ်ပေးတယ်၊ client ကနေ  ဆာဗာကို တိုက်ရိုက်သွားတယ်၊ အဲဒီမှာ client ကပို့တဲ့ ဒေတာတွေကို ဆာဗာဆီ မရောက်ခင်မှာ ကြားထဲက ဖြတ်ယူရင် encrypt လုပ်ထားတယ်ဆိုရင် ကြားထဲက ဖြတ်ကြည့်တဲ့ သူဆီမှာ ပေါက်တတ်ကရ တွေပေါ်နေတယ်၊ ပို့တဲ့ သူနှစ်ယောက်ပဲ သိမယ်”လို့ လုံခြုံရေးနည်းပညာရှင် ကို ရန် နိုင်မြင့်က ရှင်းပြပါတယ်။
အန်ခရစ်ပ် (Encrypt) ရဲ့ ဆိုလိုရင်းက ကွန်ပျူတာထဲမှာ ရှိတဲ့ စာရွက်စာတမ်း နဲ့ အချက်အလက်တွေကို ကီးဝပ်ခ် ဒါမှမဟုတ် ကိန်းဂဏန်းတွေကိုပို့တဲ့ နှစ်ဖက်ပဲ သိနိုင်နားလည်ပြီး ခိုးယူဖို့ မလွယ်တဲ့ သော့ခတ်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ သော့ခတ်ထားတဲ့ အချက်အလက်တွေကို ပေးပို့တဲ့ နှစ်ယောက်ကလွဲပြီး ဘယ်သူမှ ဝင်ကိုင်တွယ်လို့ မရပါဘူး။
သည် secret message က အရင်က ဖေ့စ်ဘုတ်ခ်၊ snapchat မှာ ပါဝင်ခဲ့ပါ တယ်။ လုံခြုံရေးအရ တိုက်ခိုက်သူတွေအနေနဲ့ မိမိနဲ့ မိမိပေးပို့သူအကြားမှာ ပြောဆိုတာတွေကို လုံးဝဖောက်ထွင်းကြည့်လို့ မရနိုင်အောင် လုံခြုံမှုပေးတဲ့စနစ် ဖြစ်ပါတယ်။

Author မေဘယ်လ်
Credit: kumudranews.com