ပြင်သစ်ရွေးကောက်ပွဲကာလအတွင်း သတင်းအတုများ တိုက်ဖျက်ရန် Facebook နှင့် Google ကူညီမည်



ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း သတင်းဆောင်းပါး အတုများ ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် Google နဲ့ Facebook တို့က ဂျာနယ်လစ်တွေနဲ့ ပူးပေါင်းပြီး အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။

Google News Lab နဲ့ အကျိုးအမြတ်မယူတဲ့ First Draft News တို့ဟာ CrossCheck လို့ခေါ်တဲ့ သတင်းမှန်ကန်ကြောင်း အတည်ပြုစစ်ဆေးပေးမယ့် ပရောဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲ့ဒီပရောဂျက်ဟာ ကောလာဟလ သတင်းတွေနဲ့ သတင်းဖော်ပြချက် အမှားတွေကို အလျင်အမြန် ဖော်ထုတ်ခွဲခြားပေးမယ်လို့ ဆိုပါတယ်။

ဒီပရောဂျက်မှာ Le Monde, Agence France-Presse (AFP), Liberation, BuzzFeed နဲ့ France Medias Monde တို့အပါအဝင် သတင်းအဖွဲ့အစည်း ၁၇ ခု အနည်းဆုံး ပါဝင်မှာဖြစ်ပါတယ်။

သတင်းအတုတွေကို ရွေးထုတ်ခွဲခြားဖို့အတွက် Google နဲ့ Facebook က ဂျာနယ်လစ်တွေကို tool များနဲ့ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ Google Trends နဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်ရာမှာ အသုံးပြုတဲ့ CrowdTangle လို့ခေါ်တဲ့ Facebook tool တို့က သတင်းအတုတွေကို စစ်ဆေးပေးမယ်လို့ သိရပါတယ်။

Google အနေနဲ့ ပြင်သစ် ဂျာနယ်လစ်ဇင်ကျောင်းတွေက သင်တန်းသားများထံ သတင်းအတုများ ခွဲခြားသိရှိနိုင်စေမယ့် အဆင့်မြင့်ရှာဖွေမှု နည်းပညာတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းသားများ အနေနဲ့ သတင်းအမှားတစ်ခုစီမှာ ဆက်စပ်အကြောင်းအရာတွေ ထည့်သွင်းနိုင်သလို CrossCheck ဝက်ဘ်ဆိုက်ပေါ်က ဝေမျှနိုင်တဲ့ ရီပို့ကတ်များရဲ့ live feed တစ်ခုကိုလည်း ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ အဲ့ဒီ feed ကို Agence-France Presse က ကြီးကြပ်ကွပ်ကဲမှာ ဖြစ်ပါတယ်။

အများပြည်သူ အနေနဲ့လည်း အငြင်းပွားစရာ သတင်းများအတွက် မေးခွန်းများနဲ့ link များကို တင်သွင်းနိုင်သလို အဲ့ဒီမေးခွန်းတွေကိုလည်း သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုကနေ ဖြေကြားပေးမယ်လို့ သိရပါတယ်။

အထက်ပါ ပရောဂျက်မှာ ပါဝင်တဲ့အကြောင်းကို Google နဲ့ Facebook တို့က အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောကြားခဲ့ပါဘူး။

Ref: CNNMoney
Credit: internetjournal.media