Password မေ့တဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ဆန္ဒရှိနေတဲ့ Facebook



Facebook ဟာ ယနေ့ခေတ် အွန်လိုင်းသုံးစွဲသူတွေ တွေ့ကြုံနေရတဲ့ ခေါင်းခဲစရာ ကိစ္စတွေထဲက တစ်ခုဖြစ်တဲ့ password မေ့တဲ့ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဝန်ဆောင်မှုသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်က ဖြန့်ချိပေးခဲ့တဲ့ အဲ့ဒီဝန်ဆောင်မှုဟာ password မေ့နေတဲ့ Github သုံးစွဲသူတွေက သူတို့ရဲ့ account တွေကို reset လုပ်စရာမလိုဘဲ ပြန်လည်အသုံးပြုနိုင်ဖို့အတွက် အကူအညီပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် မေ့သွားတဲ့ password ကို လုံခြုံရေးမေးခွန်းတွေ ဖြေဆိုတာမျိုး၊ email ဒါမှမဟုတ် text message တစ်ခုထံ ပေးပို့တာမျိုးနဲ့ ပြန်လည်ရယူကြပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က email account တစ်ခုကို အသုံးပြုခွင့်ရထားတယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကတစ်ဆင့် အခြား account တွေကိုပါ ခိုးယူနိုင်ပါတယ်။

“ကိုယ်ယုံကြည်ရတဲ့ ဝန်ဆောင်မှုတွေနဲ့ identity တွေကိုသုံးပြီး password မေ့သွားတဲ့ account တွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ပိုကောင်းတဲ့နည်းလမ်းတစ်ခု ကျွန်တော်တို့ လိုအပ်ပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်ဟာ လွယ်ကူလုံခြုံပြီး သုံးစွဲသူရဲ့ privacy ကို အလေးထားရပါမယ်” လို့ Facebook Security Engineer ဘရက်ဟေးလ်က ပြောကြားခဲ့ပါတယ်။

Facebook ရဲ့ ဝန်ဆောင်မှုသစ်ဟာ GitHub မှာ recovery token တစ်ခုကို ဖန်တီးပေးပါတယ်။ ဒီ recovery token ဟာ two-step verification နည်းလမ်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ဆင်တူပြီး password မေ့သွားတဲ့အခါ Facebook ကနေတစ်ဆင့် စစ်မှန်ကြောင်း အထောက်အထားပြန်ပြစေနိုင်မယ်လို့ သိရပါတယ်။

Recovery token ကို encrypt လုပ်ထားမှာ ဖြစ်ပါတယ်။ Facebook နဲ့ GitHub က သုံးစွဲသူရဲ့ တစ်ကိုယ်ရေ အချက်အလက်ကို ဝေမျှသွားမှာမဟုတ်ဘဲ account နှစ်ခုကိုသာ ချိတ်ဆက်ပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းကို ပြုလုပ်ဖို့အတွက် browser အတွင်း click အနည်းငယ်လုပ်ရုံနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref: AndroidAuthority
Credit: internetjournal.media/