မိုဘိုင်းဖုန်းနဲ့ 360 ဓာတ်ပုံကို ဘယ်လိုရိုက်ပြီး Facebook ပေါ်ကို ဘယ်လိုတင်မလဲ




အခုခေတ်ကြီးမှာ နည်းပညာက ရှေ့ကိုတဖြည်းဖြည်း မြန်မြန်လေးရွေ့လာတာကို တွေ့ရပါတယ်။ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာတွေလည်း အခုဆိုရင် မှော်ဆန်လွန်းသလိုမျိုး ဖြစ်နေတာကိုတွေ့ရပါတယ်။ Facebook က oculus ကို ဝယ်ယူလိုက်ပြီးတဲ့ အချိန်မှာ Virtual Reality ကို ပိုမိုတစိုက်မတ်မတ် လုပ်လာခဲ့တာကို တွေ့ရပါတယ်။ VR မှာ ပတ်ဝန်းကျင်ရဲ့ နဂိုဖြစ်နေတဲ့ ပုံစံအတိုင်း မျက်လုံးကနေ ပြန်မြင်အောင် ဖန်တီးထားခြင်းဖြစ်တာကြောင့် Facebook မှာလည်း အဲလို ပတ်ဝန်းကျင်ကို ပကတိမျက်စိနဲ့ မြင်တဲ့ပုံစံအတိုင်း ဓာတ်ပုံတွေ ရိုက်ကူးပြီး Facebook ပေါ်တင်နိုင်အောင် ဖန်တီးပေးလိုက်တာ တစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ အဲလို ပတ်ဝန်းကျင်ကို ပကတိအတိုင်းခံစားနိုင်အောင်  မြင်နိုင်တဲ့ 360 ဓာတ်ပုံတွေကို ရိုက်ကူးဖို့ အရင်က 360 ကင်မရာတွေနဲ့ ရိုက်ကူးကြရပေမယ့် အခုအချိန်မှာ Gyroscope ပါဝင်တဲ့ ဘယ်စမတ်ဖုန်းမဆို ရိုက်ကူးနိုင်အောင် Application တွေနဲ့ ဖန်တီးနိုင်ပြီး Facebook ကလည်း ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို တင်လိုက်တဲ့အခါ အထောက်အပံ့ပေးနိုင်အောင် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လက်ထဲမှာရှိတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ 360 ဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးပြီး Facebook ပေါ်ကို ဘယ်လိုတင်နိုင်မလဲဆိုတာကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ 360 ဓာတ်ပုံတွေ အရင်လေ့လာပါ။
ကိုယ်က ၃၆၀ ဓာတ်ပုံတွေ ရိုက်ကူးတော့မယ် ဆိုရင်တော့ အရင်ဆုံး သူများရိုက်ကူး ထားတာလေးတွေကို ရှာဖွေကြည့်ခြင်းဖြင့် ဘယ်လိုနေရာတွေကို ရိုက်ကူးတယ်၊ ဘယ်လိုပုံစံ ရိုက်ကူးတယ် ဆိုတာကို အကြမ်းဖျင်းအားဖြင့် အမြင်နဲ့ သင်ယူနိုင်ပါတယ်။ နောက်ပြီး Facebook မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို Search box မှာ 360 photo လို့ရိုက်ထည့်ရှာဖွေပြီး 360 ဓာတ်ပုံတွေကို တင်လိုက်တဲ့အခါမှာ ဘယ်လိုပြန်လည် ကြည့်ရှုနိုင်မယ် ဆိုတာကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ Facebook မှာ ဘယ်လိုဟာ မျိုးက Smart Phone နဲ့ ရိုက်ကူးထားပြီး ဘယ်လိုဟာမျိုးက 360 ကင်မရာတွေနဲ့ ရိုက်ကူးထားတယ်ဆိုတာကိုလည်း ခွဲခြားလေ့လာနိုင် မှာဖြစ်ပါတယ်။ နောက်တစ်ခုက Facebook အပြင် Google ရဲ့ Street view မှာလည်း 360 ဓာတ်ပုံတွေ ဘယ်လိုရိုက်ကူးပြီး အများက ဘယ်လိုတင် ထားတယ်ဆို တာကိုလေ့လာခြင်းအားဖြင့် 360 ပုံတွေ ကိုယ်တိုင်ရိုက်ကူးတဲ့ အခါမှာ အများကြီး အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
၂။ Street View App နဲ့ 360 ဓာတ်ပုံတွေ ရိုက်ကူးခြင်း (၁)
360 ဓာတ်ပုံကို Facebook ပေါ်တင်မယ်ဆိုရင် Facebook က 360 ဓာတ်ပုံဖြစ်တယ်ဆိုတဲ့ အခြေခံ Format တစ်ခုကိုသိရှိနေဖို့ လိုအပ်ပါတယ်။ အဲလိုဖြစ်နေဖို့အတွက် ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ရိုးရိုးတန်းတန်း ရိုက်ကူးလိုက်ပြီး Facebook ပေါ်တင်လို့ 360 effect ဖြစ်မသွားပါဘူး။ ဒါကြောင့်မို့ 360 effect နဲ့ ဓာတ်ပုံဖြစ်ဖို့အတွက် camera app  တစ်ခုကိုသုံးပြီး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒီ App က Google ကနေ ထုတ်ထားတဲ့ Street View ဆိုတဲ့ App ဖြစ်ပြီး သူနဲ့ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေဟာ သူ့App အတွင်းမှာလည်း 360 ဓာတ်ပုံအနေနဲ့ ကြည့်ရှုနိုင်ပြီး Facebook ပေါ်ကို ပြန်တင်မယ်ဆိုရင်လည်း 360 ဓာတ်ပုံပုံစံနဲ့ အများကို ကြွားနိုင်မှာပဲ
ဖြစ်ပါတယ်။ Street View App  ကိုဖွင့်လိုက်ရင် မြင်ရမှာက အခြားသူတွေ ရိုက်ထားပြီး Share ထားတာတွေကိုမြင်ရမှာပါ။ တစ်ကမ္ဘာလုံးက တင်ထားတဲ့ 360 ဓာတ်ပုံတွေကိုလည်း ကြည့်ရှုလေ့လာနေလို့လည်း ရပါတယ်။ ကိုယ်တိုင်ရိုက်ကူးမယ်ဆိုရင်တော့ အောက်ဘက်မှာ ကင်မရာ + sign ပုံလေးနဲ့ မြင်တွေ့ရပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင် App ကညွှန်ကြားတဲ့ အတိုင်းလိုက်ပြီး ရိုက်လိုက်ပါ။ တစ်နေရာတည်း အသေချိန်ထားတာမျိုး မဟုတ်ဘဲနဲ့ ဟိုဟိုဒီဒီ ကင်မရာကိုလိုက်ရွှေ့ကြည့်ဖို့လည်း လိုအပ်ပါတယ်။
၃။ Street View App နဲ့ 360 ဓာတ်ပုံတွေရိုက်ကူးခြင်း (၂)
ကင်မရာနဲ့ လိုက်ရွှေ့ကြည့်နေတဲ့ အချိန်မှာပဲ လိမ္မော်ရောင် အစက်လေးတစ်ခု ပေါ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲလိုအချိန်မှာ ကင်မရာမှာ ပေါ်နေတဲ့ Shutter အဝိုင်းလေးနဲ့ လိမ္မော်ရောင် အစက်ကို တည့်တည့်ကျအောင် ဖမ်းယူပေးလိုက်မယ်ဆိုရင် အလိုအလျောက် ဓာတ်ပုံရိုက်ကူးမှုကို ပြုလုပ်ပေးပါလိမ့်မယ်။ ကင်မရာထဲမှာ လှည့်ပတ်ပြီး လိမ္မော်ရောင် အမှတ်လေးတွေကို ရှာဖွေဖမ်းယူပေးမယ်ဆိုရင် သူက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုံရိပ်တွေကို အလိုအလျောက် ဖမ်းယူပေးနေမှာဖြစ်ပါတယ်။ အကယ်လို့ ကိုယ်ရိုက်တဲ့ ဓာတ်ပုံမှာ အမှားတစ်ခု ပါဝင်သွားမယ်ဆိုရင်လည်း undo ပြန်လုပ်နိုင်ပါတယ်။ ပြီးရင် ပြန်ရိုက်ပြီး သူခိုင်းသလို ပြည့် စုံတဲ့ပတ်ဝန်းကျင် ဓာတ်ပုံတွေ အားလုံးရပြီဆိုရင် Processing ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သတိထားစရာတစ်ခုက တကယ်လို့ ကိုယ်က သူရိုက်ခိုင်းတာ တစ်ခုခုကျန်သွားမယ် ဆိုရင်တော့ 360  ဓာတ်ပုံပြန်ကြည့်တဲ့အချိန်မှာ ကိုယ်မရိုက်မိလိုက်တဲ့ ဓာတ်ပုံနေရာမှာ အကွက်ကြီး ထင်ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပြီး လူတွေလှုပ်ရှားနေတဲ့ အချိန်ရိုက်ကူးမယ် ဆိုရင်လည်း လူတွေရဲ့ အချိုးမကျတဲ့ ပုံစံတွေ ဓာတ်ပုံထဲပါလာမှာကို သတိထားရမှာ ဖြစ်ပါတယ်။
၎။ 360  ဓာတ်ပုံကို Street View မဟုတ်ဘဲ အခြား App နဲ့ ရိုက်ကူးခြင်း (၁)
Street View app ကို မသုံးချင်ဘူးဆိုရင် အခြားApp တွေသုံးဖို့ နည်းလမ်းတွေ ရှိပါတယ်။ Facebook က iPhone ရဲ့ Panorama mode နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း 360 ဓာတ်ပုံတွေအဖြစ် ဖော်ပြပေးပါတယ်။ နောက်ပြီး iPhone မှာဆိုရင် Photo sphere ဆိုတဲ့ Application ကလည်း panorama ပုံစံရိုက်ကူးပြီး 360 ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်မယ့် Application တစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေ အတွက်လည်း Photo sphere လို application မျိုးကို နောက်ဆုံးထွက် Android version တွေရဲ့ Camera function တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဖုန်းနဲ့ 360  ဓာတ်ပုံရိုက်တဲ့ ပုံစံတွေတော်တော် များများက Street view မှာ သုံးတဲ့ပုံစံတွေလိုမျိုးပဲ ရိုက်ကူးရမှာ ဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်စရာ App တစ်ခုက Cardboard ကင်မရာဖြစ်ပြီး သူက VR အထောက်အပံ့ကိုပါ တစ်ခါတည်း ပါဝင်တာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့ Cardboard Camera App က Android အတွက်ပဲ သီးသန့်ရနေသေးတာ တွေ့ရပါတယ်။
၅။ 360 ဓာတ်ပုံကို Street View မဟုတ်ဘဲ အခြား App နဲ့ ရိုက်ကူး ခြင်း (၁)
တကယ်လို့ သင့်ရဲ့ ဖုန်း Camera ထဲမှာ Photo Sphere  စနစ်ပါဝင်တာကို တွေ့ပြီဆိုရင် ရိုက်ကူးရမယ့် ပုံစံက Street View ပုံစံပဲရိုက်ကူးရမှာ ဖြစ်ပါတယ်။ Dot လေးတစ်ခုကို ကင်မရာထဲမှာ လိုက်ရှာပါ။ ပြီးရင်ဖမ်း။ ဖမ်းလိုက်ရင် အလိုအလျောက် ရိုက်ကူးပေးမယ်။ ရိုက်ကူးထားသမျှ ပုံတွေပြည့်စုံသွားရင် 360 ပုံဖြစ်အောင် processing  လုပ်ပေးမယ်။ အားလုံးဟာ Street view နဲ့ ပုံစံအတူတူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Cardboard Camera နဲ့ ရိုက်ကူးမယ် ဆိုရင်တော့ နည်းနည်းလေး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အဲဒါတွေက ကင်မရာထဲမှာ အပြည့်ပေါ်နေတဲ့ ပုံကိုပဲ Shutter buttom  ကိုနှိပ်လိုက်ပြီး ညာဘက်ကို ဖြည်းဖြည်းလေးဆွဲပြီး လှည့်ပတ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အပေါ်နဲ့ အောက်တွေကိုတော့ မြင်ရမှာ မဟုတ်ပေမယ့် သူ့မှာထူးခြားတာက အသံတွေပါ ထည့်သွင်းရိုက်ကူးလို့ ရတာကို တွေ့ရပါတယ်။ တကယ်လို့ ရိုက်ကူးပြီးစီး သွားပြီဆိုရင် VR Viewer ထဲမှာ ကြည့်ရှုလို့ရပါတယ်။
၆။ 360 ကင်မရာတွေသုံးပြီး ရိုက်ကူးခြင်း
360 ဓာတ်ပုံတွေ ရိုက်ကူးဖို့ သီးသန့်ထုတ်ထားတဲ့ 360 ကင်မရာတွေကတော့ မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးတာထက် အရည်အသွေးကလည်း ပိုမိုကောင်းမွန်ပြီး လွယ်ကူတာကို တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ Brand မျိုးစုံနဲ့ ရောင်းချနေတဲ့ 360  ဓာတ်ပုံ ကင်မရာတွေများစွာရှိပြီး မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ရိုက်ကူးနိုင်ပါတယ်။ ဒါအပြင် အားလုံးသော ကင်မရာတွေကရလာတဲ့ ဓာတ်ပုံတွေ အကုန်လုံးကလည်း Facebook ရဲ့ 360 Formet ကို
အထောက်အပံ့ ပေးပြီးသားပဲဖြစ်ပါတယ်။
၇။ Facebook ပေါ်တင်ခြင်း
Facebook ပေါ်ကို 360 ဓာတ်ပုံတွေ တင်တာဟာ သမားရိုးကျ ဓာတ်ပုံတွေတင်သလိုပဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကိုတော အရင်ဦးဆုံး သက်ဆိုင်ရာ App တွေထဲကနေ မိုဘိုင်း ဖုန်းရဲ့ Photo ထဲကိုတော့ အရင်ဦးဆုံး export လုပ်ထားရမှာ ဖြစ်ပါတယ်။ ဒါမှ Facebook ပေါ်တင်ဖို့အတွက် ဆိုရင် Facebook ရဲ့ update box ထဲကိုဝင် photo ကိုရွေးပြီး ကိုယ့်ရဲ့ မိုဘိုင်း Device ထဲက Photo section ထဲက Export လုပ်ထားတဲ့ ဓာတ်ပုံကို ရွေးချယ် upload လုပ်လိုက်မယ်ဆိုရင် Facebook  က အလိုအလျောက် သူ့ Format အတိုင်း ကိုယ့်ရဲ့ Timeline မှာ 360 ပုံစံနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။
Credit:internetjournal.media