ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ၁၀ ခု(၂)

ကုမ္ပဏီတစ်ရပ်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို သတ်မှတ်ရာမှာ အဲဒီကုမ္ပဏီအနေနဲ့ ဘယ်လောက်အထိ ဆွဲဆောင်မှုရှိသလဲ ၊ ငွေကြေးအရရော ဘယ်လောက်အထိ အောင်မြင်မှုရခဲ့သလဲ စတဲ့အချက်တွေအပြင် ဈေးကွက်မှာ ရောင်းချနေတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းများကိုပါ ထည့်သွင်း အကဲဖြတ်ပြီး ရွေးချယ်လေ့ရှိပါတယ်။ ယခု ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးများစာရင်းမှာလည်း ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ရဲ့ အရည်အသွေးနှင့် ကမ္ဘာ့ဈေးကွက်ပေါ် သက်ရောက်မှုများကို ချိန်ထိုးတိုင်းတာထားတာ ဖြစ်ပါတယ်။
(၆) OnePlus



တရုတ်နိုင်ငံ ရှန်ဇမ်းပြည်နယ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ OnePlus ကလည်း အလယ်အလတ်တန်းစားဖုန်းများထဲမှာ လူကြိုက်များနေတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ပေးနေပါတယ်။ OnePlus ထုတ်ဖုန်းများဟာ အဆင့်မြင့် flagship ဖုန်းများကို ယှဉ်ဖိုက်နေတဲ့ အလတ်တန်းစားဖုန်းအဖြစ် သတ်မှတ်ခံရပြီး အိန္ဒိယနိုင်ငံမှာ အကြိုက်များနေတဲ့ ထိပ်တန်းရောင်းအားမြင့်ဖုန်း ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာမှာ ရူပီး ၂၉၉၉၉ ဈေးနှုန်းနဲ့ ရောင်းချသွားတဲ့ OnePlus 3 ဟာလည်း အိန္ဒိယအကြိုက်အရည်အသွေးမီ စမတ်ဖုန်းများ ဖြစ်နေပါတယ်။

(၇) Xiaomi



တရုတ်စမတ်ဖုန်းတွေထဲမှာ တရုတ်နိုင်ငံရဲ့ Apple လို့ တင်စားခံရတဲ့ Xiaomi ဟာ သက်တမ်းတို သလောက် လုပ်ငန်းအောင်မြင်မှု မြန်ဆန်လှပါတယ်။ တန်ဖိုးသင့်စမတ်ဖုန်းများထုတ်လုပ်မှုမှာ ရှေ့ ဆောင်ဖြစ်ခဲ့ပြီး တရုတ်ပြည်တွင်း အလတ်တန်းစားဖုန်းများခေတ်ကို လမ်းသစ်ထွင်ခဲ့တဲ့ Xiaomi ဟာ Redmi Note စီးရီးများနဲ့ အိန္ဒိယမှာ ရောင်းအားအကြီးအကျယ်ကောင်းခဲ့သလို Mi 5 လို အလတ်တန်းစားဖုန်းများကိုလည်း ထုတ်လုပ်လာပြီး ဈေးကွက်သစ်ချဲ့ထွင်လာပါတယ်။

ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်ထဲမှာ ဒေါ်လာ ၁ ဘီလျံကျော် အမြတ်အစွန်းထွက်ခဲ့တယ်လို့ မကြာသေးမီကပဲ ကြေငြာခဲ့ပါတယ်။လက်ရှိမှာ Xiaomi ဟာ အိန္ဒိယဈေးကွက်ကို အာရုံစိုက်နေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ က အိန္ဒိယနိုင်ငံမှာ ရောင်းချခဲ့တဲ့ Redmi Note 4 ဟာ ၁၀ မိနစ်အတွင်း အလုံးရေ ၂၅၀၀၀၀ အထိ ချက်ချင်းရောင်းကုန်သွားခဲ့ပါတယ်။ အိန္ဒိယဟာ Xiaomi ရဲ့ ဈေးသင့်ပြီး အရည်အသွေးအဆင့်မီတဲ့ ထုတ်ကုန်များကို အကြိုက်တွေ့ နေတဲ့ အမာခံဖောက်သည်ဈေးကွက်လည်း ဖြစ်နေပါတယ်။

(၈) Lenovo



Lenovo ဟာ တစ်ခါကတော့ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၅ ခုစာရင်းဝင် ကုမ္ပဏီကြီး ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အရှိန်အဝါကျဆင်းလာတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်လာနေပါတယ်။ အိန္ဒိယဈေးကွက်ကို ပင်မထားပြီး ဖြန့် ချိနေတဲ့ Lenovo ဟာ ကမ္ဘာ့ပထမဆုံး Google ရဲ့ Tango အခြေခံ စမတ်ဖုန်းဖြစ်တဲ့ Lenovo Phab 2 Pro ကို အိန္ဒိယမှ ဖြန့် ချိခဲ့ပါတယ်။ ဒ့ါအပြင် Lenovo ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Motorola ဟာလည်း အိန္ဒိယနဲ့ တစ်ခြား အာရှဈေးကွက်များမှာ ရောင်းအားတက်နေပါတယ်။

(၉) LG



LG G5 စမတ်ဖုန်း ရောင်းအားကျဆင်းခြင်းကြောင့် ဒေါ်လာ ၂၂၄ သန်း LG ကုမ္ပဏီ အရှုံးပေါ်ခဲ့ပေမယ့် LG G6 မှာတော့ ရောင်းအားကောင်းဖို့ အလားအလာရှိနေပါတယ်။ LG ကုမ္ပဏီရဲ့ မူရင်း ဈေးကွက်ဖြစ်တဲ့ တောင်ကိုရီးယားမှာ ကြိုတင်အော်ဒါမှာယူမှုများကနေ လေးရက်တာ ကာလအတွင်း အလုံးရေ ၄၀၀၀၀ ကျော် အော်ဒါမှာယူမှုများကို လက်ခံရရှိထားပါတယ်။

LG ဟာ ၂၀၁၆ စတုတ္ထသုံးလပတ်ကာလအတွင်း ကိုရီးယားဝမ် ၂၅၈.၈၀ ဘီလျံ ( ဒေါ်လာ ၂၂၃.၉၈ သန်း) အသားတင် အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ခြောက်နှစ်တာကာလအတွင်း ကုမ္ပဏီအနေနဲ့ ကြီးကြီးမားမားအရှုံးထွက်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတဲ့အကြောင်းတစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ် သုံးလပတ်တစ်ခုနီးပါး ရောင်းအားကျဆင်းသွားခဲ့ရတဲ့ မိုဘိုင်းကဏ္ဍကြောင့်လည်း ပါဝင်နေပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ အကျိုးအမြတ်ကို အထိနာစေတဲ့အကြောင်းရင်းထဲမှာ G5 စမတ်ဖုန်းများ ရောင်းအားကျဆင်းခြင်းနဲ့ မားကတ်တင်းဈေးကွက်ထဲ ရင်းနှီးမြှပ်နှံမှုမြင့်မားသွားခြင်းကြောင့်လို့ သုံးသပ်ထားပါတယ်။

(၁၀) Sony



ပြီးခဲ့တဲ့ နောက်ဆုံးသုံးလပတ်ကာလအတွင်း Xperia အလုံးရေ ၅ သန်းပဲ ရောင်းချခဲ့ရတဲ့ Sony ကတော့ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၁၀ ခုစာရင်းမှာ အောက်ဆုံးက နေရာယူထားပါတယ်။

၂၀၁၆ ဒုတိယသုံးလပတ်အကုန်ဘဏ္ဍာရေးစစ်တမ်းမှာ ရောင်းအား ၁၁ % ကျဆင်းခဲ့ပြီး ဈေးကွက်လည်ပတ်ငွေ ၄၈% အထိ ဝင်ငွေ အထိနာခဲ့တဲ့ Sony ကုမ္ပဏီအနေနဲ့ ယခုနောက်ဆုံး သုံးလပတ်ဖြစ်တဲ့ အောက်တိုဘာမှ ဒီဇင်ဘာအထိရောင်းအားမှာ အလုံးရေ ၅ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူတုန်းက အလုံးရေ ၇.၆ သန်းရောင်းချခဲ့ရတာကြောင့် ဒီလောက်အထိ ရောင်းအားကျသွားတာဟာ အံ့အားသင့်စရာ ဖြစ်နေပါတယ်။ ၂၀၁၆ ဘဏ္ဍာရေးတစ်နှစ်လုံးမှာ အလုံးရေ ၁၅ သန်းပဲ ရောင်းချခဲ့ရပြီး ဒီအရင် ၂၀၁၅ ခုနှစ်ကတော့ အလုံရေ သန်း၃၀ နီးပါးအထိရောင်းချခဲ့ရတာ ဖြစ်လို့ ယခင်နှစ်ကာလတူထက် တစ်ဝက်လောက်ပဲ ရောင်းချနိုင်ခဲ့ရတာပါ။

ဈေးကွက်တစ်ခုလုံးအနေနဲ့ ကြည့်ရင် နှစ်စဉ် ရောင်းအားဟာ ၇.၁% ကျဆင်းလာပါတယ်။ လုပ်ငန်းဝင်ငွေအနေနဲ့ လည်း ယန်း ၁၀၉.၈ ဘီလျံ ကနေ ၉၂.၄ ဘီလျံ (အမေရိကန် ဒေါ်လာ ၇၉၆ သန်း ) ကျဆင်းနေပါတယ်။ သို့ သော်လည်း Xperia XZ စီးရီးကတော့ လူကြိုက်များလာနေပါတယ်။
Credit: duwun.com.mm