လကမ္ဘာသို့ အလည်ခရီးသွားဖို့ မြန်မာငွေကျပ် သန်း ၂၄၀ ၀၀၀ ခန့် ကုန်မည်

SpaceX က အာကာသသို့ ခရီးသွား ၂ ဦးကို ပို့ဆောင်ပေးမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြေညာခဲ့ပါတယ်။ ခရီးသွားများရဲ့ အမည်များကိုတော့ ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ SpaceX ရဲ့ စီအီးအို ဖြစ်သူ Elon Musk က ခရီးစဉ်အတွက် ကောက်ယူမယ့် ငွေကြေး အတိအကျကို မပြောကြားပေမယ့် နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးများကို စေလွှတ်တဲ့ ကုန်ကျစားရိတ်ထက် အနည်းငယ်များပြားမယ်လို့ ပြောပါတယ်။
လက်ရှိမှာ နာဆာက အာကာသယာဉ်မှူးတစ်ဦးကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ပေးဖို့အတွက် ရုရှားကုမ္ပဏီ Roscosmos ကို ဒေါ်လာ ၈၁ သန်းခန့် ပေးနေရပါတယ်။ နာဆာက Space Shuttle စီမံကိန်းကို ရပ်နားလိုက်ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးများကို စေလွှတ်ဖို့အတွက် ရုရှား ကုမ္ပဏီကို မှီခိုခဲ့ရပါတယ်။ နာဆာက SpaceX နဲ့ Boeing တို့နဲ့ ပူးပေါင်း၍ ကုန်ကျစားရိတ် သက်သာအောင် ကြိုးစားနေပါတယ်။
နာဆာက SpaceX Crew Dragon သို့မဟုတ် Boeing CST-100 Starliner ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့ လူ စေလွှတ်ဖို့အတွက် ဒေါ်လာ ၅၈ သန်းလောက်သာ ကုန်ကျဖို့ တွက်ချက်ထားပါတယ်။ Roscosmos နဲ့ ပူးပေါင်း၍ အာကာသခရီးစဉ်များကို စီစဉ်နေတဲ့ Space Adventures ရဲ့ အဆိုအရ ခရီးသွားများ လည်ပတ်မယ့် ခရီးစဉ် ကုန်ကျစားရိတ်ဟာ အာကာသယာဉ်မှူးများကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်တဲ့ကုန်ကျစားရိတ်ထက် များပြားမှာ ဖြစ်ပြီး လူတစ်ဦးလျှင် ဒေါ်လာ ၁၇၅ သန်းခန့် ပေးဆောင်ရမယ်လို့ ပြောပါတယ်။ ဒါဟာ မြန်မာငွေကျပ် သန်း ၂၄၀ ၀၀၀ ၀န်းကျင်နဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။
ref : the verge