ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ၁၀ ခု(၁)

အီလက်ထရောနစ်စီးပွားရေးမှာ စမတ်ဖုန်းဈေးကွက်ဟာ ပင်မ ကျတဲ့ ရှေ့ ဆောင်ဈေးကွက်ကြီးတစ်ရပ်ဖြစ်သလို စမတ်ဖုန်းကုမ္ပဏီကြီးများဟာလည်း လူထုနဲ့ အနီးစပ်ဆုံး ထုတ်ကုန်များကို ဖြန့် ဖြူးရာ ဖြစ်လာပါတယ်။ ကမ္ဘာပေါ်မှာ စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးပေါင်း ၁၄၀ ကျော်ရှိရာမှာ ကျွန်တော်တို့ နဲ့ ရင်းနှီးနေတဲ့ ကုမ္ပဏီဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ဒီထဲမှာမှ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီများကို စာရင်းတင်ကြည့်ရာမှာ အားလုံးထင်မှတ်ထားတဲ့အတိုင်း Apple ကတော့ ထိပ်ဆုံးနေရာမှာ ငါးနှစ်ဆက်တိုက် ရပ်တည်နေပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီများကို ကုမ္ပဏီထုတ်ကုန်တစ်ခုရဲ့ ဂုဏ်သိက္ခာ ၊ ရောင်းအားနဲ့ ဈေးကွက်အတွင်း လူကြိုက်များမှုများနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

(၁) Apple

အမေရိကန် ပြည်ထောင်စု ကူပါတီနိုမှ ကမ္ဘာကျော် iPhone ကုမ္ပဏီကြီးကတော့ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီနေရာမှာ တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ရဲ့ အထက်ကနေ ငါးနှစ်ဆက်တိုက် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်ခဲ့တဲ့ iPhone 7 နဲ့ 7 Plus တို့ မှာလည်း အစဉ်အလာမပြတ် အောင်ပွဲခံခဲ့တဲ့ Apple ဟာ ၂၀၁၆ နှစ်ဆန်းပိုင်း iPhone ရောင်းအား ၇% ကျသွားခဲ့ပေမယ့် နောက်ဆုံး သုံးလပတ်မှာ အလုံးရေ ၇၈.၃ သန်း ရောင်းချခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၄.၇% ပိုရောင်းချနိုင်ခဲ့ပါတယ်။

ဈေးကွက်သဘောအရ iPhone ဟာ ၂၀၁၆ နောက်ဆုံးသုံးလ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ရှယ်ယာ ၁၈ % နဲ့ အများဆုံး ရပ်တည်နေပါတယ်။

iPhone 7 မှာ အရင် iPhone 6 စီးရီးနဲ့ သိပ်ပြီးကွာခြားမှု မရှိပေမယ့်လည်း processor ပိုင်း ပိုအဆင်မြင့်လာခြင်း ၊ကင်မရာစနစ် ကောင်းမွန် ပြီး ရေစိုခံနှုန်း rating တက်လာခဲ့ခြင်းများအပြင် အရောင်အသွေးပိုင်းဆန်းသစ်လာခြင်းများကြောင့် လူကြိုက်မလျော့ခဲ့ပါဘူး။

(၂) Samsung

Samsung ကတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ရောင်းအား ၅.၂% ကျဆင်းသွားခဲ့ပါတယ်။၂၀၁၆ နောက်ဆုံး သုံးလပတ်အတွင်း အလုံးရေး ၇၇.၅ သန်း ရောင်းချနိုင်ခဲ့တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ကာလတူတုန်းကတော့ အလုံးရေ ၈၁.၇ သန်း အထိရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်လုံး အလုံးရေ စုစုပေါင်း ၃၁၁.၄ သန်း ရောင်းချနိုင်ခဲ့တဲ့ Samsung ဟာ ဒီအရင် ၂၀၁၅ ခုနှစ်မှာတော့ စုစုပေါင်း အလုံးရေး သန်း ၃၂၀.၉ သန်းရောင်းချနိုင်ခဲ့တာ ဖြစ်လို့ အရင်နှစ်ကထက် ၃% အထိ ရောင်းအားကျဆင်းနေတာ ဖြစ်ပါတယ်။ ဒ့ါအပြင် မီးလောင်ပေါက်ကွဲမှုများကြောင့် Galaxy Note 7 အလုံးရေ ၃ သန်းနီးပါးကိုလည်း ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။

Samsung ဟာ သုံးနှစ်အတွင်း နှစ်စဉ်နှစ် ၅၀ % အထိ အမြတ်အစွန်း ခုန်တက်လာပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။ ၂၀၁၆ တွင်းမှာ လုပ်ငန်းဝင်ငွေ ဝမ် ၂၀၇.၈၇ ထရီလီယံ (ဒေါ်လာ ၁၇၃.၃၆ ဘီလျံ) ရှိပြီး လုပ်ငန်းအမြတ်အနေနဲ့ ဝမ် ၂၉.၂၄ ထရီလီယံ (ဒေါ်လာ ၂၅.၁၁ ဘီလျံ) အထိ မြတ်စွန်းခဲ့ပါတယ်။ ဒီတော့ နှစ်စဉ် ၁၁ % ဝင်ခဲ့ပြီး ၀.၅ % မြတ်နေတာပါ။

လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့မိုဘိုင်းလ်ဈေးကွက်ဝေစုရဲ့ ၂၀% အောက်ကျဆင်းသွားတဲ့ Samsung ဟာ နောက်လာမယ့် Galaxy S8 စမတ်ဖုန်းမှာ လူကြိုက်များမလား စောင့်ကြည့်ရမှာပါ။

(၃) Huawei

တရုတ်မှာ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူ နေရာမှာ တတိယလိုက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဒုတိယသုံးလပတ်အတွင်း စုစုပေါင်းရောင်းချခဲ့သမျှရဲ့ ၁၀.၆% အထိ တက်လာခဲ့တာ ဖြစ်ပြီး အလုံးရေ ၄၅.၄ သန်း ရောင်းချခဲ့ပြီး အရင်နှစ် ၂၀၁၅ နောက်ဆုံးသုံးလပတ်မှာ ရောင်းခဲ့တဲ့ ၃၂.၇ သန်းထက် ၃၈.၆% အထိ တိုးတက်ရောင်းချလာတာ ဖြစ်ပါတယ်။

၂၀၁၆ တစ်နှစ်လုံးမှာ အလုံးရေ ၁၃၉.၃ သန်းရောင်းချခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်က ရောင်းခဲ့တဲ့ ၁၀၇ သန်းထက် ၃၀.၂ % ရောင်းအားပိုတက်လာခဲ့ပါတယ်။ အထူးသဖြင့် P စီးရီးနဲ့ Honor စမတ်ဖုန်းများမှာ တရုတ်နဲ့ အာရှဈေးကွက်တစ်လျှောက် လူကြိုက်များခဲ့သလို ဥရောပဈေးကွက်များပါ ဝယ်လိုအားတက်လာတာကို တွေ့ နေရပါတယ်။

Honor ရဲ့ရောင်းအားဟာ တက်မြဲတက်နေဆဲဖြစ်ပြီး ၂၀၁၆ သြဂုတ်လတုန်းကလည်း အလုံးရေ သန်း ၆၀ ရောင်းချခဲ့ရပြီး ၈.၄ ဘီလျံမြတ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei ဟာ စမတ်ဖုန်းလောကနဲ့ အကြီးအကျယ်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အအောင်မြင်ဆုံး ကုန်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။

(၄) Vivo

Vivo ကတော့ ပြီးခဲ့တဲ့ နောက်ဆုံးသုံးလပတ်အတွင်း စမတ်ဖုန်း အလုံးရေ ၂၄.၇ သန်း အထိရောင်းချနိုင်ခဲ့တဲ့ Vivo ကတော့ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီနေရာမှာ အဆင့်ငါး ဖြစ်နေပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီများထဲမှာ အလားအလာကောင်းနေတဲ့ Vivo ဟာ ပြီးခဲ့တဲ့နှစ် ကာလတူရောင်းအားအဖြစ် အလုံးရေ ၁၂.၁ သန်း ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တစ်နှစ်တာ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၃၈ သန်း ရှိခဲ့ရာကနေ ၂၀၁၆ မှာတော့ အလုံးရေ ၇၇.၃ သန်းအထိရှိလာခဲ့တာ ဖြစ်လို့ ၁၀၃% အထိ ရောင်းအားတက်လာခဲ့တာပါ။ တရုတ်နိုင်ငံကို အဓိကထားပြီ ဖြန့် ချိနေတဲ့ Vivo ဟာ အခုဆိုရင် အာရှဈေးကွက်ကနေ ကမ္ဘာ့ဈေးကွက်ကို အာရုံစိုက်လာပြီ ဖြစ်ပါတယ်။

(၅) OPPO

နှစ်စဉ်ရောင်းအား တက်သထက် တက်လာနေတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ကလည်း ထိပ်ဆုံး ကုမ္ပဏီ ၅ မျိုးစာရင်းမှာ ပါဝင်နေပါတယ်။ ၂၀၁၅ နောက်ဆုံးသုံးလပတ်အတွင်း အလုံးရေ ၁၄.၄ သန်းရောင်းချခဲ့ရတဲ့ OPPO ဟာ ၂၀၁၆ ခုနှစ်မှာတော့ အလုံးရေ ၃၁.၂ သန်းအထိ နှစ်ဆကျော် ရောင်းအားတက်လာခဲ့ပါတယ်။ Vivo လိုပဲ တရုတ်ပြည်တွင်းဈေးကွက်ကနေ အာရှနဲ့ ကမ္ဘာ့ဈေးကွက်ကို ဖြန့် ကျက်လာတဲ့ OPPO ဟာ နိုင်ငံတကာဈေးကွက်မှာလည်း အောင်မြင်မှုရရှိနေပါတယ်။

အထူးသဖြင့် ဆဲလ်ဖီပရိတ်သတ်များအတွက် ရည်ရွယ်လာတဲ့ F1 စီးရီးများကို ဈေးကွက်မှ လက်ခံလာကြပြီး ဒီဇိုင်းပိုင်းလှပသစ်ဆန်းတဲ့ ထုတ်ကုန်သစ်များကို ပစ်မှတ်ထား ထုတ်လုပ်လာတဲ့ OPPO ဟာ ဈေးကွက်မှာ ပိုပြီး ကြီးသထက် ကြီးလာပါတယ်။

မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ဒေတာအဖွဲ့ အစည်းကြီး IDC မှ ထုတ်ပြန်တဲ့ ၂၀၁၆ အောက်တိုဘာ မှ ဒီဇင်ဘာ နောက်ဆုံး သုံးလပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်းရောင်းအားစာရင်းမှာ OPPO လည်း ပါဝင်နေပါတယ်။ IDC အရ Samsung ဟာ အိန္ဒိယနိုင်ငံစမတ်ဖုန်းဈေးကွက်ဝေစုရဲ့ ၂၅.၁ % ၊ Xiaomi (၁၀.၇%) ၊ Lenovo (၉.၉%) ၊ OPPO (၈.၆%) နဲ့ Vivo (၇.၆%) အသီးသီး ရပ်တည်နေကြပါတယ်။

Credit: duwun.com.mm