Bluetooth 5.0 စနစ်ကို သုံးလာတဲ့ ပထမဆုံး စမတ်ဖုန်း Galaxy S8

နှစ်ဆ မြန်ပြီး ဖုန်းနဲ့ ချိတ်ဆက်မယ့် devices ကို ပေ ၈၀၀ (မီတာ ၂၄၀ ) အကွာအဝေးကနေ လှမ်းချိတ်နိုင်စေမှာပါ။
Samsung ရဲ့ Galaxy စမတ်ဖုန်းများထဲမှာ အသစ်စက်စက် ထွက်လာတဲ့ Galaxy S8 ဟာ ယနေ့ ခေတ်ပြိုင်တစ်ခြား စမတ်ဖုန်းများနဲ့ မတူ တမူကွဲပြားနေတဲ့ ဖုန်းဖြစ်ပါတယ်။ဒီဇိုင်းပိုင်းရော function ပိုင်းမှာပါ အပြောင်းအလဲများစွာကို ဒီဖုန်းမှာ တွေ့ မြင်ရမှာပါ။ ဒီထဲမှာ နောက်ထပ် ထူးခြားတဲ့ တစ်ချက်ကတော့ Galaxy S8 ဟာ စမတ်ဖုန်းဈေးကွက်မှာ ပထမဆုံး Bluetooth 5.0 စနစ်ကို သုံးလာတဲ့ ဖုန်းဖြစ်ပါတယ်။

Galaxy စီးရီးစမတ်ဖုန်းများထဲမှာ အမြင့်ဆုံး သုံးခဲ့တဲ့ Bluetooth စနစ်ကတော့ ၂၀၁၄ ဒီဇင်ဘာလတုန်းက ဖြန့် ချိခဲ့တဲ့ Bluetooth 4.2 စနစ် ဖြစ်ပါတယ်။ ယခု နောက်ဆုံး သုံးလာတဲ့ Bluetooth စနစ်ဟာ Bluetooth 4.2 ထက် နှစ်ဆ မြန်ပြီး အရင်ကသုံးနိုင်တဲ့ range ထက် လေးဆပိုမြင့်ပါတယ်။ ယခု Bluetooth စနစ်ဟာ ဖုန်းနဲ့ ချိတ်ဆက်မယ့် devices ကို ပေ ၈၀၀ (မီတာ ၂၄၀ ) အကွာအဝေးကနေ လှမ်းချိတ်နိုင်စေမှာပါ။ အရင် Bluetooth 4.2 ကတော့ ဖုန်းနဲ့ ချိတ်မယ့် device ဟာ ပေ ၂၀၀ အောက်မှာပဲ ရှိမှ ချိတ်နိုင်မှာ ဖြစ်ပါတယ်။

ယခု Bluetooth 5.0 ဟာ ပေ ၈၀၀ အကွာအဝေးအထိ လှမ်းချိတ်နိုင်တာ ဖြစ်လို့ နောက်ပိုင်းထွက်လာမယ့် စမတ်ဖုန်းနဲ့ ချိတ်ဆက်တဲ့ Smart Watch နာရီဝန်ဆောင်မှုများနဲ့ Smart Home ထုတ်ကုန်များမှာ ပိုမို ထိရောက်မြန်ဆန်စွာ ပံ့ပိုးနိုင်မှာပါ။ နောက်ပိုင်းမှာ စမတ်ထုတ်ကုန်များဖြစ်တဲ့ fitness trackers ၊ sensors နဲ့ တစ်ခြား နည်းပညာအသုံးအဆောင်များကို စမတ်ဖုန်းနဲ့ ချိတ်ဆက်လာတာ ဖြစ်လို့ Bluetooth 5.0 ဟာ အသုံးတွင်ကျယ်လာမှာ ဖြစ်ပါတယ်။




ဒီနည်းပညာဟာ သုံးစွဲတဲ့ဖုန်းရဲ့ ဘက်ထရီသက်တမ်းကိုလည်း မထိခိုက်စေဘူးလို့ ဆိုပါတယ်။ အရေးကြီးဆုံး အချက်ကတော့ Bluetooth 5.0 ဟာ လိုင်းဆွဲအားနှေးကွေးမှု ပြဿနာနဲ့ device တစ်ခုနဲ့ တစ်ခုအကြား range အကွာအဝေးပါ မြှင့်တင်ဖြေရှင်းပေးပါတယ်။ Bluetooth 5.0 နည်းပညာကြောင့် အသံပိုင်း အရည်အသွေးပါ တိုးတက်ကောင်းမွန်လာမှာပါ။ အထူးသဖြင့် ဖုန်းခေါ်ရာမှာ ၊ သီချင်းနားထောင်ရာမှာ ကြည်လင်ပြတ်သားတဲ့ အသံစနစ်ကို အသုံးချနိုင်တော့မှာ ဖြစ်ပါတယ်။

Galaxy S8 မှာ သီးခြား Bluetooth Stream နှစ်ခု ပါရှိတာကြောင့် ကိုယ်နဲ့ ကိုယ့်မိတ်ဆွေနှစ်ယောက်လုံးဟာ နားကြပ် တစ်ခုနဲ့ နှစ်ယောက်မျှ သုံးစရာမလိုဘဲ သီချင်းတစ်ပုဒ် ၊ ဗွီဒီယိုဇာတ်ကားတစ်ကားကို အတူတူ ကြည့်ရှုနားဆင်နိုင်မှာ ဖြစ်သလို တစ်ခြားတစ်ယောက်ကို အနှောင့်အယှက် မဖြစ်စေဘဲ ကိုယ့်နားကြပ်နဲ့ ကိုယ် အသံတိုး/လျှော့လုပ်နိုင်စေမှာ ဖြစ်ပါတယ်။

Apple ရဲ့ iPhone 8 ကို မြင်ရဖို့ နောက်ထပ် လေးငါးလ ဆက်စောင့်ရဦးမှာ ဖြစ်ပေမယ့် Samsung ကတော့ Galaxy S8 ကို ထူးခြားတဲ့ အပြောင်းအလဲများနဲ့ ဈေးကွက်ထဲ မောင်းနှင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
Credit: Duwun