အဝတ်ဗလာနှင့် အမျိုးသမီးချစ်သူများ ပန်းချီကို Facebook မှ ပိတ်ပင်တားမြစ်

သြစတြေးလျလေလံပွဲတစ်ခုမှာ ပန်းချီပညာရှင် ချားလ်စ် ဘလက်ခ်မင်းရဲ့ လက်ရာ ကိုယ်လုံးတီးပန်းချီတစ်ချပ်ကို Facebook ကနေ ဆင်ဆာဖြတ်ပြီး တားမြစ်လိုက်ပါတယ်။
play
သြစတြေးလျ ပန်းချီကျော် ချားလ်စ် ဘလက်ခ်မင်း

Facebook ဟာ ကြောင်နက်တစ်ကောင် ဝပ်နေတဲ့ အိပ်ရာထက်မှာ အဝတ်မပါတဲ့အမျိုးသမီးချစ်သူနှစ်ဦး အတူတူလဲလျောင်းလျက်သား ဘလက်ခ်မင်းရဲ့ ကမ္ဘာကျော် ဆီဆေးပန်းချီကားအကြောင်း ဗွီဒီယိုကြော်ငြာတစ်ခုကို တင်ခွင့်မပြုခဲ့ဘူးလို့ မဲလ်ဘုန်းမှ လေလံပွဲကျင်းပသူ မော့စ်ဂရင်းက ဆိုပါတယ်။ လေလံပွဲကျင်းပရေး ကော်မတီကတော့ လာမယ့် မတ်လ ၇ ရက်နေ့  မဲလ်ဘုန်းမှာ ကျင်းပသွားမယ့် ပွဲမတိုင်ခင် ကြော်ငြာတဲ့အနေနဲ့ Facebook မှာ ဒီပန်းချီကားရဲ့ပါတဲ့ ဗွီဒီယိုကြော်ငြာတိုတစ်ခုကို တင်ခဲ့ချင်တာ ဖြစ်ပေမယ့် Facebook ရဲ့ စည်းမျဉ်းများအရ အရွယ်ရောက်ပြီးသူများအတွက်  မသင့်လျော်တဲ့ ထုတ်ကုန် နဲ့ ဝန်ဆောင်မှုကြော်ငြာတယ်ဆိုပြီး စည်းမျဉ်းချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။
ဒီပန်းချီကားဟာ ၁၉၅၀ ပြည့်လွန်နှစ်များဆီက ပန်းချီကျော် ဘလက်ခ်မင်းရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပေမယ့် ဒီလို အပိတ်သိမ်းခံလိုက်ရမှုကြောင့် ၁၉၅၀ ပြည့်လွန်နှစ်များကို နောက်ပြန်ဆွဲနေတယ်လို့ ခံစားရတယ်လို့ မော့စ်ဂရင်းက BBC သတင်းဌာနကိုပြောပါတယ်။ "ဒီပန်းချီကားဟာ အနုပညာအသွင်သဏ္ဍာန်အရရော ပုံသဏ္ဍာန်ပိုင်းအရပါ လိင်ဆွဲဆောင်မှုမကဲလွန်တဲ့ အနုပညာအလှအပတစ်ရပ်ပဲ ဖြစ်ပါတယ်။ အခုလို ဆင်ဆာထိတယ်ဆိုတာဟာ ၁၉၅၀ ပြည့်လွန်နှစ်များကို နောက်ကြောင်း ပြန်ရောက်သွားသလို ခံစားရပါတယ်။ Facebook သာ ဒီလိုမပိတ်ရင်လည်း ဘယ်သူမှ ဒါကို လိင်စိတ်နှိုးဆွတဲ့ ကြော်ငြာလို့ ထင်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာဆိုရင်လည်း ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်တောင် ရှိပါတယ်။တကယ်လို့ ဒီပန်းချီကားကိုတော့ Facebook က ပိတ်ပင်တားမြစ်လိုက်တယ်လို့ ပြောရင် သူတို့ ကျွန်တော် ဟာသပြောတယ်ပဲ ထင်နေမှာပါ။"

အနုပညာ စုဆောင်းသူ ဆိုင်ဗီးယား လိုဝင်စတိန်းကလည်း ဒီဗွီဒီယိုနဲ့ ပတ်သတ်ပြီး အခုလိုပြောပါတယ်။ "ကျွန်တော်ဆို ဒီပန်းချီကားကို အိပ်ရာရှေ့ တည့်တည့်မှာ ချိတ်ထားတာကိုက နှစ်ပေါင်း ၂၀ ရှိနေပါပြီ။ တကယ်လည်း ဒီကားကနေ ပေးတဲ့ ရသကို စွဲငြိပါတယ်။ ချားလ်စ် ဘက်ခ်မင်းဟာ မိန်းမသားတို့ ရဲ့ ပင်ကိုယ်အတွင်းသားကို နက်နက်နဲနဲ ဖော်ပြထားတာပါပဲ။ တစ်ခါတစ်လေမှာ ဒီပန်းချီကားကို ဘာ့ကြောင့် ဒီလောက် နှစ်သက်ရသလဲ ဆိုတာ ပြောမပြတတ်ပေမယ့် ဒီကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကို ခံစားနားလည်စေနိုင်ပါတယ်။"
ချားလ်စ် ဘက်ခ်မင်းဟာ ၁၉၅၀ ပြည့်လွန်နှစ်များဆီက Alice in Wonderland ဇာတ်လမ်းစီးရီးများနဲ့ ကျောင်းသူမလေး ပန်းချီများကို ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။ အသက် ၈၈ နှစ်ရှိနေပြီ ဖြစ်တဲ့ သြစတြေးလျပန်းချီကျော် ဘက်ခ်မင်းဟာ နာမည်ကြီး မဲလ်ဘုန်းအနုပညာအုပ်စုဖြစ်တဲ့ Antipodeans အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး အနုပညာဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ အကျော်အမော် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မဲလ်ဘုန်းမြို့ ကီဒါလမ်းမကြီးမှာ ဘလက်ခ်မင်းဟိုတယ်ဖွင့်လှစ်ခဲ့ပြီး သူ့ လက်ရာပန်းချီကားပေါင်း ၆၇၀ ကို ယင်းဟိုတယ်မှာ ဒစ်ဂျစ်တယ်စနစ်နဲ့ အလှဆင်ခဲ့ပါတယ်။
play
ကျောင်းသူမလေး လက်ရာ

Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကြော်ငြာကို ထပ်တလဲလဲကြည့်ပြီးမှ အတည်ပြု ဆင်ဆာဖြတ်တောက်လိုက်တာလို့ ဆိုပါတယ်။ အနုပညာအမြင်အရ ကြည့်ရင် ဒါဟာ မလျော်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
Credit: duwun.com.mm