ပြန်ထွင်ထားတဲ့ Galaxy Note 7 သစ်ကို Samsung ရောင်းချသွားမည်

လာမယ့် သြဂုတ်လထဲမှာ ရောင်းချသွားဖို့ ရှိနေပါတယ်။
ဈးကွက်မှာ အရှက်ရစရာ ကြုံခဲ့တဲ့ Galaxy Note 7 ကို ဘေးကင်းစိတ်ချရပြီး သဘာဝနဲ့ အံကျဖြစ်မယ့်နည်းလမ်းများနဲ့ ပြန်လည် ထုတ်လုပ်ရောင်းချသွားတော့မယ်လို့ Samsung ကုမ္ပဏီမှ ကြေငြာလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Samsung အတွက် သေဆုံးသွားတဲ့ အိပ်မက်တစ်ခုကို ပြန်အသက်သွင်းလိုက်တာပါ။ ဒေါ်လာ ၉၀၀ နီးပါး ဈေးနှုန်းနဲ့ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဈေးကွက်ထဲ ရောက်ခဲ့ပြီး နှစ်လအတွင်း အလုံးရေ ၄ သန်းနီးပါး ဈေးကွက်ထဲရောင်းချနိုင်ခဲ့ပေမယ့် ဘက်ထရီမီးလောင် ပေါက်ကွဲမှုပြဿနာများကြောင့် အလုံးရေ ၃ သန်းကျော် (ရောင်းချသမျှရဲ့ ၉၈%) ကို ဈေးကွက်မှ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ ဒီအတွက် ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၅ ဘီလျံအရှုံးပေါ်ခဲ့သလို နာမည်လည်း ထိခိုက်ခဲ့ရပါတယ်။
ဒီတစ်ခါ အသစ်ပြန်ကိုင်ထားတဲ့ Note 7 စမတ်ဖုန်းတွေဟာ ကိုယ်ထည်လည်း ပိုသေးသွားသလို ဘက်ထရီကိုလည်း အရင်လောက်မကြီးတော့တဲ့ အသေးစားဆိုဒ်နဲ့ ထုတ်သွားမယ်လို့ သိရပါတယ်။ အရင် Galaxy Note 7 ဖုန်းမှာတော့ 3500 mAh ဘက်ထရီကို သုံးခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ 3000 mAh သို့ မဟုတ် 3200 mAh ဘက်ထရီကို သုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့ ဘက်ထရီနဲ့ ပတ်သတ်လို့ လည်း အဆင့် ၈ ဆင့်ပါ အဆင့်မြင့် ဘက်ထရီစစ်ဆေးမှုစံညွှန်းတွေနဲ့ စမ်းသပ်ထားတယ်လို့ သိရပါတယ်။ ယခုနှစ်မှာ ထုတ်သွားမယ့် ဘက်ထရီတစ်မျိုးချင်းစီကို X-ray စနစ်များနဲ့ လည်း စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် သြဂုတ်လကုန်ပိုင်း လောက်မှာ ပြန်ထုတ်သွားမယ့် ဒီစမတ်ဖုန်းကို တောင်ကိုရီးယားမှာ ပထမဆုံး ဖြန့် ချိသွားမယ်လို့ ခန့် မှန်းထားကြပါတယ်။ သို့ သော်လည်း အမေရိကန်မှာတော့ ဖြန့် ချိသွားမှာ မဟုတ်ပါဘူး။
Samsung ဟာ ယခုအသစ်ပြန်ထုတ်မယ့် Galaxy Note 7 ရောင်းချမယ့်အစီအစဉ်နဲ့ ဈေးနှုန်း များကို မထုတ်ပြန်သေးပေမယ့် အလုံးရေ ၄ သိန်း နဲ့ ၅ သိန်းကြားရောင်းချသွားရဖို့ မျှော်မှန်းထားပါတယ်။ ယခုလို Note 7 ကို ပြန်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျော့ပါးအောင် လျှော့ချဖို့ ပဲ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတစ်ခါထုတ်လာမယ့် Galaxy Note 7 ကို အိန္ဒိယ ၊ ဗီယက်နမ် နဲ့ တောင်ကိုရီးယားဈေးကွက်များမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
ယခုတစ်ခါ ပြန်ထုတ်သွားမယ့် Galaxy Note 7 နဲ့ အတူ Galaxy Note 8 ကို ဖြန့် ချိသွားတော့မယ်လို့  Samsung မှ့ အတည်ပြုထားပါတယ်။ ယခုတစ်ခါ ပြန်ထုတ်လုပ်သွားမယ့် Note 7 ရဲ့ ကုဒ်နာမည်ကတော့ Grace R ဖြစ်ပြီး R ဆိုတာကတော့ Refurbished ကို ကိုယ်စား ပြုတာ ဖြစ်ပြီး ဗားရှင်းသစ်နဲ့ ပြောင်းထုတ်လာတယ်လို့ ဆိုလိုတာပါ။ မော်ဒယ်နံပါတ်ကတော့ SM-N935 ဖြစ်ပါတယ်။ ဒီဖုန်းဟာ Samsung ရဲ့ ဂုဏ်သိက္ခာကို သယ်ပိုးနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
Crd: duwun.com.mm