Galaxy S8 ဟာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းဖြစ်ရမယ်လို့ Samsung ဆို

အလုံးရေ သန်း ၆၀ကျော် ရောင်းရဖို့ မှန်းထားပါတယ်။
လူထုရှေ့ မှောက် တရားဝင်ချပြပြီးသွားပြီ ဖြစ်တဲ့ Galaxy S8 ဟာ ထွက်ဖူးသမျှ Samsung စမတ်ဖုန်းများထဲမှာ အပြောင်းအလဲများနဲ့ တကွ အဆန်းသစ်ဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းမထွက်ခင်ကတည်းက လူပြောသူပြောများနေပြီး စိတ်ဝင်စားနေတာ ဖြစ်လို့ ရောင်းအားလည်း မြင့်တက်ဖို့ ရှိနေပါတယ်။ Samsung ကတော့ ဒီဖုန်းဟာ ထုတ်ဖူးသမျှ စမတ်ဖုန်းများထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံး ၃လ ဘဏ္ဍာရေးစစ်တမ်းအရ Apple ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအထိ ဆောင်းရာသီအိုင်ဖုန်း အလုံးရေ ၇၈.၃ သန်းအထိ ရောင်းချခဲ့ရပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူထက် ၅% ပိုပြီးတက်လာချိန်မှာ Samsung ကုမ္ပဏီကတော့ နောက်ဆုံးသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၇၇.၅ သန်းရောင်းခဲ့ရပြီး အိုင်ဖုန်းရောင်းအားထက် အလုံးရေ ၁ သန်းနီးပါး ရောင်းအားကျခဲ့တာ ဖြစ်ပါတယ်။

သို့ သော်လည်း ၂၀၁၆ ပထမနှစ်ဝက် Galaxy S7 edge စမတ်ဖုန်းရောင်းအားဟာ ၁၃.၃ သန်းကျော် ရှိခဲ့တာ ဖြစ်ပြီး ဒီ brand တစ်ခုတည်းနဲ့ တင် ကမ္ဘာ့ဈေးကွက်တစ်ခုလုံးရဲ့ ၂.၃ % ကို စီးမိထားတာပါ။ Galaxy S7 ကလည်း အလုံးရေ ၁၁.၈ သန်းကျော် ရှိထားပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၂% ရှိလာခဲ့ပါတယ်။ ဒါ့အပြင် Galaxy J2 လို ဈေးသင့်တဲ့ စမတ်ဖုန်းများလည်း အလုံးရေ ၁၃ သန်းကျော် (၂.၃%) အထိ ရောင်းချခဲ့ရပါတယ်။ ခြုံပြောရမယ်ဆိုရင် Samsung ဟာ အန်းဒရိုက်ဈေးကွက်တစ်ခုလုံးရဲ့ ၆.၆% အထိ ရှိထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ ၅၇၇.၃ သန်းကျော် ရောင်းချခဲ့ရပြီး Samsung ကတော့ ၂၀၁၆ တတိယသုံးလပတ်အထိ ကမ္ဘာ့စမတ်ဖုန်းရောင်းအားရဲ့ ၂၁% ရရှိထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံး ပထမသုံးလပတ် မှသည် တတိယသုံးလပတ်ဟာ Samsung ရဲ့ ခေတ်ဖြစ်ခဲ့ပြီး ဈေးကွက်တစ်ခုလုံးရဲ့ ပျမ်းမျှ ၂၂ % ခန့် ကို အုပ်စိုးထားတာပါ။ သူ့ နောက်မှာတော့ Apple ၊ Huawei ၊ Oppo နဲ့ Vivo တို့ က အစဉ်အတိုင်း ရပ်တည်နေတာပါ။ နောက်ပိုင်းမှာ Galaxy Note 7 မီးလောင်ပေါက်ကွဲမှု ပြဿနာကြောင့် ဈေးကွက်မှ ရောင်းပြီးသား Note 7 အလုံးရေ သုံးသန်းကျော် ပြန်သိမ်းဆည်းခဲ့ရပြီး ဒေါ်လာ ၅ ဘီလျံနီးပါး အရှုံးပေါ်ခဲ့ပေမယ့် ဒီတစ်ခါမှာတော့ အကောင်းဆုံး ပြန်လည်ပွဲထွက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Samsung ကတော့ ကုမ္ပဏီသက်တမ်းတစ်လျှောက် Galaxy S7 နဲ့ S7 Edge တို့ ဟာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ခဲ့တယ်ဆိုပေမယ့် ယခု အသစ်ထွက်လာမယ့် Galaxy S8ကတော့ ဒီအရင်ဖုန်းများထက် ပိုမို ရောင်းအားသာလွန်ရမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့သူဌေး ကွန် ဒေါင်းဂျင်းကတော့ Samsung ဟာ Galaxy S8 နဲ့ S8 Plus တို့ ကို စစချင်း အလုံးရေ ၁၂သန်း ကျော်စတင် ဖြန့် ချိသွားမှာ ဖြစ်ပြီး နှစ်ခုပေါင်း အလုံးရေ သန်း ၆၀ အထိ ရောင်းချရဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။

Galaxy S8 ကို လာမယ့် ဧပြီလ ၂၁ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စုမှ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဧပြီ ၂၈ ရက် နေ့ကစလို့ တစ်ကမ္ဘာလုံးကို ဖြန့် ချိတော့မှာပါ။
Credit: Duwun