ဝှိုက်ဘုတ်အစား သုံးသွားနိုင်တော့မယ့် Google ထုတ် မျက်နှာပြင် ၅၅ လက်မ တက်ဘလက်ကြီး


Google ဟာ ကုမ္ပဏီအစည်းအဝေးခန်းများ ၊ အဖွဲ့ လိုက် ပရောဂျက်များ နဲ့ ကျောင်းသုံးပညာရေးကဏ္ဍများမှာ သုံးနေကျ ဝှိုက်ဘုတ်များကနေ နည်းပညာခေတ်နဲ့ လျော်ညီစွာ လုံးဝအမြစ်လှန်ပြောင်းလဲပစ်ဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။

Jamboard လို့ ခေါ်တဲ့ မျက်နှာပြင် ၅၅ လက်မရှိတဲ့ တက်ဘလက်ကြီးများကို လာမယ့် မေလကစပြီး ဒေါ်လာ ၅၀၀၀ ဈေးနဲ့ ရောင်းချပေးသွားတော့မှာပါ။ screen ရုပ်ထွက်အနေနဲ့ 4K Resolution ရှိပြီး ဝှိုက်ဘုတ်မှာသုံးသလို စာရေးဖို့ stylus နှစ်ချောင်းနဲ့ သင်ပုန်းဖျက် eraser တစ်ခုလည်း ပါရှိမှာပါ။ Jamboard ပေါ်မှာ stylus မသုံးဘဲ လက်နဲ့ လည်း ကိုယ်လိုရာကို ရေးနိုင် ဆွဲနိုင်မှာ ဖြစ်ပါတယ်။ Jamboard ဟာ သာမန် ရုံးသုံး ဝှိုက်ဘုတ်တစ်ခုလိုပဲ ဝန်ထမ်းများအနေနဲ့ ကိုယ့်စိတ်ကူးများကို ချရေးပြနိုင်သလို ပုံနဲ့ အထောက်အထားစာရွက်များကိုလည်း တင်ပြလို့ ရပါတယ်။ ဒီအတွက် ဆော့ဖ်ပဲင်မလိုသလို ကပ်ခွာမှတ်စုတိုတွေလည်း သုံးစရာ မလိုတော့ပါဘူး။ ဝန်ထမ်းတစ်ယောက်ဟာ ကိုယ့်စိတ်ကူးတစ်ခုခုကို တင်ပြလိုတဲ့အခါ Jamboard ပေါ်မှာ လက်ချောင်းများကို သုံးပြီးဖြစ်စေ stylus ၊ စမတ်ဖုန်း နဲ့ တက်ဘလက် တစ်ခုခုနဲ့ ချိတ်ဆက်ပြီး Projector တစ်ခုသဖွယ်သုံးကာ သတင်းအချက်အလက်နဲ့ အကြောင်းအရာများကို အွန်လိုင်းကနေတစ်ဆင့် မျှဝေနိုင်မှာ ဖြစ်ပါတယ်။ Jamboard ပေါ်မှာ တင်ပြခဲ့သမျှ အားလုံးကို Goolge ရဲ့ အွန်လိုင်း သိုလှောင်ရာဌာနဖြစ်တဲ့ Google Drive မှာ သွားသိမ်းထားမှာပါ။

Jamboard လိုပဲ စီးပွားရေးသုံးတဲ့ တက်ဘလက်ထုတ်ကုန်တစ်ခုကတော့ Micorsoft ရဲ့ Surface Hub ဖြစ်ပါတယ်။ သို့ သော်လည်း Microsoft ရဲ့ ၅၅ လက်မ မျက်နှာပြင် Surface Hub ကတော့ 4K support မပေးနိုင်ဘဲ မျက်နှာပြင် ၈၄ လက်မ Surface Hub မှသာ 4K resolution support ပေးတာ ဖြစ်ပါတယ် ဈေးနှုန်းအနေနဲ့  Surface Hub ဟာ ၅၅ လက်မ တက်ဘလက်အတွက် ဒေါ်လာ ၉၀၀၀ နဲ့ ၈၄ လက်မအတွက် ၂၁၉၉၉ ဒေါ်လာဈေး ကျသင့်တာ ဖြစ်လို့ ဈေးနှုန်းအရ Google က အပြတ်သာနေပါတယ်။ Surface Hub ကို ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Google ရဲ့ Jamboard ဟာ စီမံခန့် ခွဲမှုနဲ့ တစ်ခြား support ကြေးအဖြစ် တစ်နှစ်ကို ဒေါ်လာ ၆၀၀ ထပ်ဆောင်ရမှာ ဖြစ်ပြီး စက်တင်ဘာလကုန်မတိုင်ခင် Jamboard ကို စီမံခန့် ခွဲချင်တယ်ဆိုရင် ဈေးကို တစ်ဝက်လျှော့ပေးသွားမှာပါ။ Jamboard ဟာ ယခုနှစ်အတွင်းမှာ ဒီတက်ဘလက်နဲ့ ပတ်သတ်သမျှ ဆော့ဖ်ဝဲလ်နဲ့ တစ်ခြား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို လူများနဲ့ ချိတ်ဆက်နိုင်သမျှ ချိတ်ဆက်နိုင်အောင် ကြိုးပမ်းနေပါတယ်။

Google ရဲ့ ယခုထုတ်ကုန်ဟာ Google ရဲ့ အန်းဒရိုက်ဆော့ဖ်ဝဲလ်စနစ်သုံး စမတ်ဖုန်းများနဲ့ တက်ဘလက်များအပြင် Apple ရဲ့ iOS စနစ်သုံး iPhone နဲ့ iPads များနဲ့ ပါ ချိတ်ပြီး အက်ပလီကေးရှင်းများကို အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့ သော်လည်း Jamboard ဟာ Microsoft ရဲ့ Window systems များနဲ့ အလုပ်မလုပ်နိုင်သလို Surface တက်ဘလက်နဲ့ တစ်ခြား PC ကွန်ပျူတာတော်တော်များများနဲ့ လည်း သုံးဖို့ မကိုက်ညီပါဘူး။

ကနဦးပေါက်ဈေးအနေနဲ့ ဈေးနှုန်းကြီးမြင့်နေသေးတယ်ဆိုပေမယ့် မကြာခင်မှာ လုပ်ငန်းငယ်လေးများမှာပါ သုံးသွားနိုင်အောင် ဈေးလျှော့ပေးသွားဖို့ စီစဉ်နေပါတယ်။
Credit: duwun.com.mm/