iPhone 8 ကို ကျော်နိုင်မယ့် super Pixel စမတ်ဖုန်းကို Google တီထွင်နေ

Apple ဟာ သူ့ ရဲ့ ဆယ်နှစ်ပြည့် iPhone 8 ကို ပြိုင်ဘက်ကင်းအောင် ထုတ်လုပ်သွားဖို့ စီစဉ်နေသလို အကောင်းတကာ့ အကောင်းဆုံး features များလည်း ထည့်သွင်းသွားဖို့ လုပ်ဆောင်နေချိန်မှာ Google ကုမ္ပဏီကလည်း iPhone 8 ထက်သာမယ့် Pixel စမတ်ဖုန်းသစ်ကို ထုတ်လုပ်သွားတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။
play

Apple ရဲ့ iPhone 8 ကို အားလုံးက အာရုံစိုက်နေချိန်မှာ Google ဟာ အရည်အသွေးမြင့် ပရီမီယံစမတ်ဖုန်းဈေးကွက်အတွက် ဒုတိယမျိုးဆက် Pixel စမတ်ဖုန်းကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီဖုန်းကို Pixel 2 လို့ ခေါ်ပြီး ယခုနှစ် ဆောင်းရာသီမှာ ထုတ်လုပ်သွားမယ်လို့ ယုံကြည်ရပါတယ်။ Google ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Pixel ဖုန်းနဲ့ မျက်နှာပြင် ၅.၅ လက်မ Pixel XL ဖုန်းများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလထဲမှာ ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီဖုန်းနှစ်လုံးဟာ 32 GB ဗားရှင်း ( Pixel ရိုးရိုးအတွက် ၆၄၉ ဒေါ်လာ ၊ Pixel XL အတွက် ၇၆၉ ဒေါ်လာဈေး) နဲ့ 128 GB ဗားရှင်း ( Pixel ရိုးရိုးအတွက် ၇၄၉ ဒေါ်လာ ၊ Pixel XL အတွက် ၈၆၉ ဒေါ်လာဈေး) နဲ့ ရောင်းချသွားတာ ဖြစ်ပါတယ်။ ဈေးနှုန်းအရ Apple ရဲ့ iPhone စီးရီးနဲ့ အတူတူ ထွက်လာတာပါ။
Pixel 2 ဟာ iPhone 8 နဲ့ တစ်ချိန်တည်းလောက် ထွက်ဖို့ ရှိနေပေမယ့် Google အနေနဲ့ ဒီစမတ်ဖုန်းကို တန်ဖိုးကြီးဈေးကွက်အတွက်ပဲ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ Pixel စမတ်ဖုန်းသစ်ဟာ premium အဆင့်ရှိတာ ဖြစ်ပြီး တစ်ခြားစမတ်ဖုန်းများလို တန်ဖိုးနည်းဈေးကွက်များထဲ ရောက်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အရင်နှစ်က Pixel ဖုန်းဟာ iPhone 7 နဲ့ တစ်ချိန်တည်း ဈေးကွက်ထဲမှာ ဖြန့် ချိခဲ့တာကို ကြည့်ရင် ဒီနှစ် ထွက်မယ့် Pixel 2 ဟာလည်း iPhone 8 နဲ့ မရှေးမနှောင်း ထွက်လာဖို့ ရှိနေပါတယ်။

Pixel 2 မှာ သုံးသွားမယ့် ဟာ့ဒ်ဝဲလ်နဲ့ ဆော့ဖ်ဝဲလ်နှစ်ပိုင်းစလုံးကို Apple ထက် သာအောင်လုပ်နေပါတယ်။ ဒီဇိုင်းပိုင်းအရလည်း အတွင်းအပြင်နှစ်ခုစလုံးမှာ လှပဆန်းပြားစေဖို့ ထုတ်လုပ်နေတယ်လို့ Google မှ ဘရိုင်ယန် ရာကော့စကီက ဆိုပါတယ်။ သူ့ အဆိုအရ Pixel ရဲ့ ကင်မရာသစ်ဟာ iPhone 7 ထက် ပိုကောင်းမှာ ဖြစ်ပြီး ထွက်ဖူးသမျှ စမတ်ဖုန်းကင်မရာများထဲမှာ အကောင်းဆုံး ဖြစ်လာမယ်လို့  ပြောထားပါတယ်။
ပထမမျိုးဆက် Pixel  ဟာ processor အနေနဲ့ Snapdragon 821 processor ကို သုံးထားပြီး 32GB မော်ဒယ်နဲ့ 128 GB မော်ဒယ်ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ လာပါတယ်။ storage အနေနဲ့ 256GB အထိ ထပ်တိုးစိုက်လို့ ရနိုင်ပါတယ်။ Pixel ဖုန်းများဟာ Gorilla Glass မှန်နဲ့ အုပ်ထားတဲ့ full HD AMOLED screen ကို သုံးထားပြီး 12.3 MP နဲ့ 8MP ကင်မရာများ ပါရှိပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ Fast charging စနစ်ဟာ ၁၅ မိနစ်အားသွင်းလိုက်တာနဲ့ ၇ နာရီကြာအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။ AI Assistant အဖြစ် Google ရဲ့ ကိုယ်ပိုင် AI Assistant ကို သုံးထားပြီး စာပို့ စနစ်အတွက် Allo နဲ့ ဗွီဒီယိုဖုန်းခေါ်ဆိုမှုအတွက် Duo စတဲ့ virtual assistant များ ပါရှိပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယိုများကို အွန်လိုင်းမှာ အခမဲ့သိမ်းထားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
play

ယခုနှစ်ဆောင်းတွင်းမှာ ထွက်လာမယ့် Pixel 2 ဟာ OLED မှန်ခုံးဒီဇိုင်းနဲ့ ထွက်လာမှာ ဖြစ်ပြီး ဇီဝလုံခြုံရေးနည်းပညာနှင့် ကြိုးမဲ့အားသွင်းစနစ်များ သုံးသွားမယ်လို့ သိရပါတယ်။ iPhone 8 ကတော့ အနည်းဆုံး ဒေါ်လာ ၁၀၀၀ ဈေးနဲ့ ရောင်းချသွားမယ်လို့  ကြားသိနေတာ ဖြစ်လို့ Pixel 2 ဟာလည်း ဒီဈေးထက် များဖို့ ပဲ ရှိနေပါတယ်။ premium စမတ်ဖုန်းဈေးနဲ့ ထုတ်သွားမှာ ဖြစ်လို့ ဒီဖုန်းကို တန်ဖိုးကြီးစမတ်ဖုန်းကိုင်သူများပဲ မှာယူသွားဖို့ ရှိနေပါတယ်။ Pixel 2 ဟာ iPhone 8 ကို ကျော်နိုင်မလားဆိုတာ မကြာခင်မှာ တွေ့ မြင်ရတော့မှာ ဖြစ်ပါတယ်။
Credit: duwun.com.mm