ဆဲလ်ဖီဆွဲပြီး ကိုယ့်မျက်နှာကို emoji အဖြစ် ပြောင်းသုံးနိုင်မယ့် FaceTune ရဲ့ အက်ပလီကေးရှင်း

လောလောဆယ်မှာတော့ iOS ပေါ်မှာပဲ ဒေါင်းလုပ်ဆွဲရယူနိုင်ပါသေးတယ်။
လူတွေရဲ့ ပြုံးခြင်း ၊ ဝမ်းနည်းခြင်းအပါအဝင် ခံစားချက် ပုံသဏ္ဍာန်အမျိုးမျိုးကို emoji အရုပ်လေးများ ၊ GIF ဖိုင်လေးများနဲ့ ဖန်တီးရာကနေ ကိုယ့်ဖုန်းနဲ့ ကိုယ် ဆဲလ်ဖီ ရိုက်ကူးပြီး ကိုယ့်မျက်နှာမှာ စိတ်ကြိုက် emoji ပုံလေးတွေကို ပုံစံပြောင်းနိုင်တော့မှာပါ။

ဓါတ်ပုံ edit လုပ်ပြီး ပြင်ရတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ FaceTune ဟာ iOS စနစ်သုံး devices များအတွက် Memoji လို့ ခေါ်တဲ့ အက်ပလီကေးရှင်းတစ်ခုကို အခမဲ့ ဖြန့် ချိလိုက်ပါတယ်။ Memoji ဟာ ကိုယ့်မျက်နှာပုံမှာ ကာတွန်း emoji ဇာတ်ကောင်များနဲ့ တူအောင် ပုံစံပြောင်းပေး သွားမှာပါ။ ဒီအက်ပလီကေးရှင်းဟာ ဆဲလ်ဖီကနေ animated emoji လေးတွေ ဖန်တီးဖို့ အတွက် AI နည်းပညာသုံး ပုံရိပ်ဖော်စနစ်ကို သုံးထားပါတယ်။

Memoji အက်ပလီကေးရှင်း သုံးဖို့ အတွက် ဆဲလ်ဖီရိုက်ပြီးသား ဓါတ်ပုံကိုပဲ အသဲပုံမျက်လုံး ၊ မျက်မှန်တပ်ထားတဲ့ပုံ ၊ ချိုတပ်ထားတဲ့ နတ်ဆိုးနဲ့ ဦးချိုတစ်ချောင်းတည်းပါတဲ့ unicorn ဒီဇိုင်းအပါအဝင် emoji ၁၁ ခုအထိ ပုံစံပြောင်းလို့ ရပါတယ်။ ဒီနည်းနဲ့ Snapchat နဲ့ Facebook တို့ လို အက်ပလီကေးရှင်းတွေမှာ ပါတဲ့ animation tricks လေးတွေ သုံးနိုင်မှာ ဖြစ်ပါတယ်။

တစ်ခြား photo editing အက်ပလီကေးရှင်းတွေနဲ့ မတူတာက Memoji ဟာ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်း ၊ ထိတ်လန့် ခြင်း ၊ ပျော်ရွှင်ခြင်းစတဲ့ ခံစားမှု ပုံစံတစ်ခုကို ပုံဖော်ပြဖို့ အတွက် ဆဲလ်ဖီဆွဲပြီး ပုံစံပြောင်းတယ်ဆိုတာထက် ပိုပါတယ်။ကိုယ်ရိုက်ထားတဲ့ ပုံရိပ်တွေကို ချက်ချင်းလိုသလို ညှိပြင်နိုင်ပြီး ၊ effect ထည့်နိုင်သလို တစ်ခြား emoji စတစ်ကာလေးတွေကိုလည်း တစ်ခါတည်း တပ်ဆင်နိုင်ပါတယ်။ ဒီလို ကိုယ်ဖန်တီးထားတဲ့ animation emoji ကို လည်း အများသိအောင် လူမှုကွန်ယက်မှာ ပြန် share နိုင်ပါတယ်။

လောလောဆယ်မှာတော့ Memoji ရဲ့ emoji စတစ်တာ ဖန်တီးတဲ့ အက်ပလီကေးရှင်းကို iOS ပေါ်မှာပဲ ဒေါင်းလုပ်ဆွဲ အသုံးချနိုင်သေးပါတယ်။ ဒီ feature ကို မကြာခင်မှာ အန်းဒရိုက်ဗားရှင်းနဲ့ ဖြန့် ချိသွားတော့မှာ ဖြစ်ပါတယ်။
Credit: Duwun