GALAXY NOTE 8 ကို ယခုနှစ်အတွင်း တွေ့မြင်ရဖွယ်ရှိ



ကြမ္မာဆိုးနဲ့ကြုံခဲ့တဲ့ Galaxy Note 7 နေရာမှာဆက်ခံမယ့် flagship စမတ်ဖုန်းသစ် တစ်မျိုးကို ဖန်တီးနေတယ်လို့ Samsung က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
ဒီစမတ်ဖုန်းသစ်အကြောင်းကို Samsung Mobile အကြီးအကဲဖြစ်သူ D.J. Koh က ဇန်နဝါရီလမှာ ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ကုမ္ပဏီအနေနဲ့ ပိုကောင်းပြီး ပိုစိတ်ချရတဲ့ တီထွင်ဆန်းသစ်တဲ့ Galaxy Note 8 ကို ဖန်တီးနေတယ်လို့ CNET နဲ့လုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ Koh က ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ Note 8 ကို ဒီနှစ်အတွင်းမှာတွေ့မြင်ရမယ်လို့ ကုမ္ပဏီက အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီ flagship စမတ်ဖုန်းသစ်ကို ၂၀၁၇ ဒုတိယနှစ်ဝက်အတွင်း ဖြန့်ချိသွားမယ်လို့ မကြာသေးမီကထုတ်ပြန်ခဲ့တဲ့ Samsung ရဲ့ ဘဏ္ဍာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ အရင် Note စမတ်ဖုန်းတွေကို ဖြန့်ချိချိန်နဲ့ ကိုက်ညီနေပါတယ်။ Samsung ဟာ Note 5 နဲ့ Note 7 ကို သြဂုတ်လမှာ ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။
Note 7 ပြဿနာဖြစ်ပွားခဲ့ပြီးနောက် Samsung အနေနဲ့ Note အမှတ်တံဆိပ်ကို အပြီးတိုင် စွန့်လွှတ်ဖွယ်ရှိတယ်လို့ လူအများက ထင်ကြေးပေးခဲ့ကြပါတယ်။
ဒါပေမဲ့ Note ကို သစ္စာရှိစွာသုံးစွဲနေသူ အမြောက်အမြားရှိပြီး Note 7 ကို ပြန်လည်သိမ်းဆည်း သည့်တိုင် ပြန်မအပ်ချင်တဲ့သူ အများအပြားရှိခဲ့တယ်လို့ Koh က ပြောကြားခဲ့ပါတယ်။

Ref: PCAuthority
Credit: internetjournal.media