မြန်မာငွေ ၅ သိန်းဝန်းကျင်ဈေးနဲ့ ထွက်လာတဲ့ ဘေးဘောင်ပြည့် ဒီဇိုင်းဆန်း Aquos S2 စမတ်ဖုန်း


ဂျပန်အီလက်ထရွန်းနစ် ကုမ္ပဏီ Sharp ဟာ ဘေးဘောင်ပါး ခေတ်သစ် စမတ်ဖုန်းလောကအတွက် အပြောင်းအလဲ ဖြစ်စေမယ့် ဈေးနှုန်းသင့် စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာ မှန်ပြင် display အချိုးအစား အမြင့်ဆုံးဆိုတဲ့ Samsung Galaxy S8 ထက် ပိုပြီး screen-to-body အချိုးအစားမြင့်တဲ့ ဒီဇိုင်းဆန်း စမတ်ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။

မျက်နှာပြင် ၅.၅ လက်မရှိတဲ့ Aquos S2 စမတ်ဖုန်းဟာ full-screen စမတ်ဖုန်းအမျိုးအစား စမတ်ဖုန်းဖြစ်ပြီး ဖုန်းရှေ့ ခြမ်း တစ်ခုလုံးရဲ့ ၈၄.၉၅% အထိဟာ screen နဲ့ ပြည့်နေပါတယ်။ ဒီဇိုင်းပိုင်းအရ ဒီဖုန်းဟာ Essential PH-1 ဖုန်းနဲ့ အတော်လေးဆင်ပါတယ်။ ဖုန်းရဲ့ လွတ်နေတဲ့ နေရာပြင်မှာ ရှေ့ ခြမ်းကင်မရာစနစ် ပါရှိပါတယ်။ Essential Phone နဲ့ မတူတဲ့ အဓိက အချက်ကတော့ ဖုန်းအောက်ခြေမှာ ရှိတဲ့ home button ဟာ လက်ဗွေ fingerprint scanner နဲ့ တစ်ပါတည်း ပါလာတာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ Aquos S2 ဟာ သတင်းထွက်နေတဲ့ iPhone 8 ကင်မရာစနစ်နဲ့ ဆင်ပါတယ်။ ကျောဘက် ထောင်လိုက် နှစ်လုံးတွဲ ကင်မရာနဲ့ ထွက်လာတဲ့ ဒီဖုန်းဟာ 12MP ပင်မကင်မရာနဲ့ 8MP အရန် ကင်မရာကို သုံးထားပါတယ်။ ရှေ့ ခြမ်း ကင်မရာကလည်း 8MP ကင်မရာပဲ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3020 mAh ဘက်ထရီဖြစ်ပါတယ်။

Aquos S2 ရဲ့ ထူးခြားချက်ကတော့ နာမည်ကြီး မြန်မာငွေ ၉ သိန်းခွဲတန် Essential ဖုန်းနဲ့ ဒေါ်လာ ၁၀၀၀ ကျော် (မြန်မာငွေ ၁၄ သိန်းခန့် ) ရှိမယ်လို့ သတင်းထွက်နေတဲ့ iPhone 8 တို့ ထက်လည်း ဈေးထက်ဝက်ကျော် လျှော့ပြီး ဈေးကွက်ထဲ ဝင်လာတာ ဖြစ်ပါတယ်။

Aquos S2 ဟာ မော်ဒယ်နှစ်မျိုးနဲ့ ထွက်လာတဲ့ ဖုန်းဖြစ်ပြီး အနိမ့်စားဗားရှင်းဟာ Snapdragon 630 Chipset သုံးထားပြီး RAM 4GB/storage 64GB ပါရှိပါတယ်။ ဒီ processor chipset ဟာ ဒီနေ့ ခေတ်မှာ အလတ်တန်းစားအဆင့်ပဲ ရှိပေမယ့် ဒေါ်လာ ၃၇၀ (မြန်မာငွေ ၅ သိန်းခန့် ) ဈေးနဲ့ ရောင်းမှာ ဖြစ်လို့ တန်တယ်လို့ ဆိုရမှာပါ။

မော်ဒယ်မြင့် Aquos S2 ကတော့ Snapdragon 660 chipset ၊ RAM 6GB/storage 128GB ပါရှိပြီး ဈေးနှုန်း ဒေါ်လာ ၅၂၀ (မြန်မာငွေ ၇ သိန်းခန့် ) ဈေးသတ်မှတ်ထားပေမယ့် လောလောဆယ် ဈေးကွက်ထဲ ရောက်လာဦးမှာ မဟုတ်ပါဘူး။
Credit: Duwun